A d v e r t i s e m e n t With Us

အခွန်တိုးမြှင့်မှုကြောင့် မော်တော်ယာဉ် အရောင်းအ၀ယ်ဈေးကွက်ကို ရိုက်ခတ်

ဇွန်လ ၁ ရက်နေ့ကစပြီး မော်တော်ယာဉ် ကနဦးမှတ်ပုံတင်တဲ့အပေါ် အခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်တဲ့အတွက် မော်တော်ယာဉ် အရောင်းအဝယ်ဈေးကွက်ကို ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ မော်တော်ယာဉ် ကနဦး မှတ်ပုံတင်တာအတွက် အရင်က အခွန် ၃ ရာခိုင်နှုန်း ပေးဆောင်နေရာကနေ ဇွန်လ ၁ ရက်နေ့ကစပြီး ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလို အခွန်တိုးသွားတဲ့အတွက် အရင်ကတည်းက အရောင်းအ၀ယ် အေးစက်နေတဲ့ ဈေးကွက်အပေါ် ထပ်မံရိုက်ခတ်မှု ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဉ် ရောင်းဝယ်သူများအသင်းမှ ဦးနေမျိုးသူက ပြောပါတယ်။ “သင်္ကြန်မတိုင်ခင်တုန်းက ဒီအစိုးရ အပြောင်းအလွဲနဲ့ ဘာနဲ့ဆိုတော့ လူတွေကလည်း ကားဈေးများ ကျမလား၊ တက်များတက်မလား ဆိုတဲ့ဟာကို အကုန်လုံး စောင့်ကြည့်နေတဲ့လူ များတာပေါ့။ စောင့်ကြည့်နေတဲ့ အခါကျတော့ ဈေးကွက်က Free Permit မှာကော၊ စလစ်ကပ်ကားမှာကော အရောင်းအ၀ယ် အေးတာပေါ့။” မော်တော်ယာဉ် အရောင်းအ၀ယ် ဈေးကွက်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက အေးစက်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ မော်တော်ယာဉ် မူဝါဒတွေနဲ့ ပတ်သက်ပြီး ဖြေလျော့မှုတွေကို ပြန်လည်စဉ်းစား သုံးသပ်ပေးဖို့ မော်တော်ယာဉ် ရောင်းဝယ်သူတွေက ပြောဆိုကြပါတယ်။ “အခွန်ဆောင်တဲ့ ရာခိုင်နှုန်းကို လျှော့မယ်ဆိုရင်တော့၊ အစိုးရသစ်ရဲ့ မူဝါဒကို အသစ်ပြောင်းလဲပြီး ချမှတ်မယ်ဆိုရင်တော့၊ တည်ငြိမ်တဲ့ မူဝါဒတခု ဖြစ်မယ်ဆိုရင်တော့ ဈေးကွက်တွေက သူ့ဟာနဲ့သူ အရောင်းအ၀ယ် ပြန်ဖြစ်လာမှာပေါ့။ ပြည်သူတွေ အကုန်လုံးကလည်း သက်သက်သာသာနဲ့ ကားစီးစေချင်ပါတယ်။ ကိုယ်တွေလည်း အဲလိုမျိုးပဲ ရောင်းချင်ပါတယ်။ သက်သက်သာသာလေးနဲ့” လို့ ဦးနေမျိုးသူက ဆက်ပြောပါတယ်။ ကားအရောင်းအ၀ယ်ဈေးကွက် အေးနေပေမယ့် စလစ်ကား၊ Free Premit ကား နှစ်မျိုးစလုံးရဲ့ ကားဈေးတွေကတော့ တက်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up