Home
မြန်မာသတင်း
ခွင့်ပြုချက်မဲ့ အဆောက်အဦများကို တရားစွဲ အရေးယူ
DVB
·
June 1, 2016
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းမှာ ခွင့်ပြုချက်မဲ့ အဆောက်အဦ ၂၀၇၂ လုံးကို တရားစွဲ အရေးယူထားတယ်လို့ ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။ ရန်ကုန်မြို့တော်အတွင်း ကန်ထရိုက်တွေရဲ့ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်း၊ ဥပဒေချိုးဖောက်ခြင်းတွေကို ရန်ကုန်မြို့တော်စည်ပင်အနေနဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေနဲ့ ပြုလုပ်နေတဲ့အကြောင်း မေလ ၃၀ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ မြို့တော်ဝန်က ဖြေကြားခဲ့တာပါ။ "၃၀ ရက်၊ ၄ လ၊ ၂၀၁၆ ခုနှစ်အထိ ၁၃ ဦးကို လိုင်စင်က ပယ်ဖျက်ပြီးတော့ Black List သွင်းထားခြင်း၊ ၄ ဦးကို ရာသက်ပန် လိုင်စင်ပယ်ဖျက်ခြင်းနဲ့ ၁၂၀ ဦးကို လိုင်စင်ကာလ အကန့်အသတ်နဲ့ ရုပ်သိမ်းခြင်း၊ ၁၇၅ ဦးကို သတိပေး လက်မှတ်ရေးထိုးစေခြင်းနဲ့ အရေးယူဆောင်ရွက်ခဲ့ပါတယ်။" လိုင်စင်မဲ့ ကန်ထရိုက်တာတွေနဲ့ ခွင့်ပြုချက်မဲ့ အဆောက်အဦတွေကို စိစစ်ဖော်ထုတ်ပြီး တည်ဆဲဥပဒေနဲ့အညီ တရားစွဲအရေးယူလျက်ရှိတဲ့နေရာမှာ ဧပြီ ၃၀ ရက်အထိ စာရင်းအရ ဒေါပုံမြို့နယ်မှာ ခွင့်ပြုချက်မဲ့ အဆောက်အဦ ၆၁ လုံးကို တရားစွဲထားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ခွင့်ပြုချက်မဲ့ အဆောက်အဦး စုစုပေါင်း ၂၀၇၂ လုံးကိုလည်း တရားစွဲအရေးယူထားကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ ခွင့်ပြုချက်မဲ့ အဆောက်အဦတွေ ဆောက်လုပ်နေတဲ့အပေါ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စည်ပင်ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှု အားနည်းနေတယ်လို့လည်း ဒေါပုံမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးက ထောက်ပြပြောဆိုခဲ့ပါတယ်။ “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်သည် စည်ပင်ဥပဒေနဲ့အညီ စိစစ်မှုအားနည်းခြင်းများကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ထို့အပြင် ခွင့်ပြုချက်မဲ့ အဆောက်အဦများကြောင့် ပြည်သူများ အန္တရာယ်ရှိနေခြင်း၊ လူနေထိုင်ခွင့် ဘီစီစီကျပြီး မြေညီထပ်၊ ထပ်ခိုးများအား သီးခြားမှန်ခန်းဖြင့် တရားမ၀င် အထပ်တထပ် တိုးချဲ့ပြုလုပ်ခြင်းမှာ ခိုင်ခံ့မှု လုံးဝမရှိဘဲ ထိရောက်သောဥပဒေဖြင့် တားမြစ်အရေးယူရန် လိုအပ်နေပါတယ်။ အထပ်မြင့်အဆောက်အဦများနှင့် အကြီးစား အလတ်စား အဆောက်အဦများ ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် သက်ဆိုင်ရာမြို့နယ်၏ မြေအနေအထားကို သိရှိနိုင်သော မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ သဘောထားမှတ်ချက်ကိုလည်း လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။” ခွင့်ပြုချက်မဲ့ ဆောက်လုပ်တဲ့ အဆောက်အဦတွေ ရှိလာခြင်းက လိုင်စင်မဲ့ကန်ထရိုက်တာတွေ အနေနဲ့ မသိနားမလည်တဲ့ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ စည်းရုံးသိမ်းသွင်းပြီး ဆောက်လုပ်တာတွေရှိသလို တချို့မြေရှင်တွေကလည်း တရားဝင်လိုင်စင်ရ ကန်ထရိုက်တာတွေနဲ့ ဆောက်လုပ်ခြင်းမရှိဘဲ အကျိုးအမြတ်ပိုရဖို့ စာချုပ်ချုပ်ဆို ဆောက်လုပ်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကတော့ ဒီကိစ္စတွေကို ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တဲ့အကြောင်း မြို့တော်ဝန်က ဖြေကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024