ဆန္ဒပြစစ်ကိုင်းအလုပ်သမား ၃၆ ဦး ရမည်းသင်းထောင်မှပြန်လွတ်

ဓာတ်ပုံ - MOI
3.3K
အလုပ်သမားရပိုင်ခွင့်တွေအတွက် စစ်ကိုင်းကနေ နေပြည်တော်ထိ ခရီးရှည် လမ်းလျှောက် ဆန္ဒပြရာက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Myanmar Veneer သစ်အချောထည် စက်ရုံက အလုပ်သမားနဲ့ ၀န်းရံသူ ၅၀ ကျော်ထဲက ၃၆ ဦးကို ရမည်းသင်းထောင်ကနေ မနေ့မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဆန္ဒပြအလုပ်သမားအဖွဲ့ဝင် အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၃၆ ဦးကို ရဲတပ်ဖွဲ့ ရဲစစ်ဆေးချက်အရ အပြစ်မရှိဘူးလို့ ယူဆလို့ ပြန်လွှတ်ပေးလိုက်တာလို့ နေပြည်တော် ဥတ္တရခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သတင်းမှာပြောပါတယ်။
ဆန္ဒပြ အလုပ်သမားတွေဟာ မေ ၁၇ ရက် က နေပြည်တော်တပ်ကုန်း မြို့အဝင်မှာ ရဲတပ်ဖွဲ့ရဲ့ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်းအပါအဝင် ၁၅ ဦးကတော့ ပြန်လွတ်မလာသေးပါဘူး။
စစ်ကိုင်းမြို့ပတ္တမြားစက်မှုဇုန်မှာရှိတဲ့ အိန္ဒိယလူမျိုးပိုင် Myanmar Veneer သစ်အချောထည် စက်ရုံကနေ အလုပ်ထုတ်ခံရလို့ မကျေနပ်တဲ့ အလုပ်သမားတွေဟာ ဖေဖော်ဝါရီလကတည်း စက်ရုံရှေ့မှာ ထိုင်သပိတ်ပြုလုပ်ကာ အလုပ်သမားရပိုင်ခွင့်တွေအတွက် ၂ လကျော်ကြာ သပိတ်စခန်းဖွင့်တောင်းဆိုနေခဲ့ကြတာပါ။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက တာဝန်ရှိသူတွေက တွေ့ဆုံညှိနှိုင်းပေးခဲ့ပေမယ့် ပြေလည်အောင် ဖြေရှင်း မပေးတာကြောင့် ဧပြီ ၂၉ ရက်နေ့ ကစပြီး နေပြည်တော်အထိ ချီတက်ဆန္ဒပြရာမှာ ဖြိုခွင်းခံခဲ့ရတာပါ။