Home
မြန်မာသတင်း
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းကြရန် ချိန်းဆို
နန်းမြနဒီ
·
May 31, 2016
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ အစိုးရသစ်ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ဟာ မကြာခင်ရက်ပိုင်းအတွင်း ပထမဆုံး တွေ့ဆုံ ညှိနှိုင်း ကြတော့မှာဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) ဥက္ကဋ္ဌ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းနဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေတို့ဟာ မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံချင်းမိုင်မြို့ကို လာရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အားလုံးပါဝင်နိုင်ရေးအတွက် အစိုးရသစ် ဘက်က ကနဦးစတင်တဲ့ ကြိုးပမ်းချက်အစိတ်အပိုင်းဖြစ်ပါတယ်။ ဆပ်ကော်မတီ ၂ ရဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေက သူတို့ခရီးစဉ်ဟာ ဆက်လက် ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရသစ်က မူဝါဒတွေ၊ စဉ်းစားချက်တွေ၊ ဆွေးနွေးချက် တွေကိုရှင်းပြပြီး တိုင်းရင်းသားတွေဘက်က ပါဝင်နိုင်မှုအနေအထားကို ညှိနှိုင်းဖို့ဖြစ်တယ်လို့ ပြောပါတယ်။ “အခု ဆက်သွယ်နေတယ်ခင်ဗျ။ ကြားမှာလည်း အကျိုးဆောင်ပေးတဲ့ ပုဂိုလ်တွေရှိပါတယ်။ ကျနော်တို့လည်း တချို့လူတွေနဲ့တော့ တိုက်ရိုက်ပြောနေတယ်။ ဒါဟာလာမယ့်ရက်ပိုင်းအတွင်းမှာ တွေ့နိုင်ဖို့ ၂ ဖက် ညှိနေပါတယ်၊ တွေ့ဖြစ်ဖို့လည်း များပါတယ်။” လို့ ပြောပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ အမိန့်ထုတ်ပြန်ဖွဲ့စည်းခဲ့ပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့ ဆပ်ကော်မတီ ၁ ကို အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ကြီး ရာပြည့်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖွဲ့စည်းခဲ့ပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့ ဆပ်ကော်မတီ ၂ ကိုတော့ ဒေါက်တာတင်မျိုးဝင်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖွဲ့စည်းပေးခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းရေးမှူး ဒေါက်တာတင်မျိုးဝင်းဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သလို ဆပ်ကော်မတီ ၂ ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ တွေ့ဆုံရာမှာ အဓိကအားဖြင့်ဆောင်ရွက်မှာနဲ့ပတ်သက်လို့ ဦးလှမောင်ရွှေက “ကျနော်တို့ တာဝန်ကတော့ အခုလက်နက်ကိုင်တွေ အဓိက တွေ့ဆုံပြီးတော့ ရှင်းပြမယ်ပေါ့။ ကျနော်တို့ရဲ့ မူဝါဒတွေ၊ စဉ်းစားချက်တွေ၊ ဆွေးနွေးချက်တွေ  ရှင်းပြပြီး သူတို့ပါဝင်နိုင်မှုအနေအထားကို ဘယ်လိုညှိနှိုင်းနိုင်မလဲဆိုတာကို အဓိကလုပ်မှာပါ။ လက်ရှိကာလမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရတဲ့ အန်အယ်လ်ဒီအစိုးရတက်လာပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ဦးဆောင်ကြိုးပမ်းနေပြီး ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်ရေးကို ကြိုးပမ်းကြရမယ်လို့ ညွှန်ကြားထားပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်က ဖွဲ့စည်းခဲ့ပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာ ပါဝင် ဆောင်ရွက်ဖို့အတွက် အန်စီအေလက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်း တွေက ခေါင်းဆောင်တွေအတွက် ပါဝင်ဆောင်ရွက်နိုင်ဖို့ လမ်းဖွင့်ထားဆဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024