Home
မြန်မာသတင်း
NPRC ပြန်လည်ဖွဲ့စည်းရေးကော်မတီဖွဲ့စည်း
DVB
·
May 31, 2016
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconcilation and Peace Centre –NRPC) ပြန်လည်ဖွဲ့စည်းရေးကော်မတီဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဒီကနေ့ အမိန့်ထုတ်ပြန်ပါတယ်။ ဒီကော်မတီဟာ သမ္မတဦးသိန်းစိန်လက်ထက်က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးဗဟိုဌာန (MPC) ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖြစ် ပြန်လည်ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ပြန်လည်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ အတွင်းရေးမှူးအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တို့တို့ကို တာဝန်ပေးပါတယ်။ အဖွဲ့ဝင်တွေအဖြစ် အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ၀န်ထမ်း ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်း၊ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဦးမိုးဇော်ဦးတို့ကို တာဝန်ပေးပါတယ်။ လုပ်ငန်းတာဝန်တွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ NRPC ကို ဖွဲ့စည်းရန်။ ဌာနချုပ်ကို နေပြည်တော်မှာ ထားပြီး ရန်ကုန်ရှိ MPC ကို ရန်ကုန်ရုံးခွဲအဖြစ်ဖွဲ့ရန်၊ NRPC ဖွဲ့စည်းပုံမှာ ၀န်ထမ်းတွေကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ရေးဆွဲဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် ပြည်တွင်းပြည်ပ ထောက်ပံ့ကူညီမှုများ၊ နိုင်ငံတော်ဘတ်ဂျက်မှ ခွဲဝေကျခံရမှုများ စနစ်တကျရှိစေရေးအတွက် အလှူရှင်များနှင့် ညှိနှိုင်းရေးလုပ်ငန်းစဉ်များကို NRPC က တာဝန်ယူ နိုင်သည်အထိ ဖွဲ့စည်းပေးရန်နဲ့ အဆိုပါညှိနှိုင်းရေးလုပ်ငန်းစဉ်တွေအတွက် စည်းမျဉ်းစည်းကမ်း များ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးရန်၊ NRPC မှာ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ရုံးအဖွဲ့မှာ ခန့်အပ်သင့်သူများနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အဆိုပြု တင်ပြရန်၊ NPRC ကို အင်စတီကျူးရှင်းအဖြစ် ခိုင်ခိုင်မာမာ ဖွဲ့စည်းလည်ပတ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွေ ပုံမှန်ကျင်းပပြီး အစည်းအဝေး ဆုံးဖြတ်ချက်တွေ၊ ကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပုံမှန်တင်ပြရန်ဆိုပြီး သမ္မတဦးထင်ကျော်ရဲ့ အမိန့်ကြေညာစာမှာ ပါရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနိုင်ရရှိအစိုးရဖွဲ့ပြီးနောက် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းရေးလုပ်ငန်းတွေနဲ့ နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေကို တပြိုင်နက်တည်း ဆောင်ရွက်သွားရေးနဲ့ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေး ဦးတည်ဆောင်ရွက်သွားရေးတို့ကို ညှိနှိုင်းသဘောတူညီခဲ့ ပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024