မီဒီယာဥပဒေ ရေးဆွဲနေပြီဟု ပြန်ကြားရေးဝန်ကြီး ပြော
DVB
·
September 7, 2011

သတင်းမီဒီယာတွေနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲ နေပြီး လွှတ်တော်ကို မကြာခင်တင်သွင်းမယ်လို့ ပြန်ကြားရေးဝန်ကြီးက ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
[caption id="attachment_15254" align="alignright" width="310" caption="ဦးကျော်ဆန်း"]
[/caption]
သတင်းမီဒီယာတွေ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေး ရေး ဥပဒေတရပ် ပြဋ္ဌာန်းဖို့ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့် မနေ့ကအစည်းအဝေးမှာ အဆိုတင်ခဲ့တာကိုတော့ ဒီနေ့အစည်းအဝေးမှာ မှတ်တမ်းတင်ပါတယ်။
ဒီအဆိုနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေ ပြဌာန်း ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ရှေ့နေချုပ်ရုံးကို ဇူလိုင်ကတည်းက ပေးပို့ထားပြီး အကြံညာဏ်ယူနေပါတယ်၊ စသည်ဖြင့် တင်ပြသွားတယ်လို့ ဦးသိန်းညွန့်က ပြောပြပါတယ်။
“နောက်တပတ် လွှတ်တော်မှာ မဆောင်ရွက်ဘူး ဆိုရင် ကျနော်က ဒီအဆိုကို မှတ်တမ်းတင်ထားတဲ့အပေါ်မှာ အခြေခံပြီးတော့ နောက် လာမယ့် လွှတ်တော်မှာ ကျနော် ထပ်မံဆွေးနွေးမှာပါ”လို့ ဦးသိန်းညွန့်က ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းလာမယ့် ဥပဒေမူကြမ်းမှာ သတင်းမီဒီ ယာသမားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မယ့် ဥပဒေမျိုးတွေ ပါဝင်လာရင်လည်း ပြင်ဆင်နိုင်ဖို့ ကြိုးစားမယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။
“သူတို့ တကယ်တင်သွင်းလာရင် အဲဒီ ဥပဒေကြမ်းအပေါ်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ အထောက်အကူမပြုဘူးဆိုရင် နိုင်တာရှုံးတာ အပထား ပြင်ဆင်ချက် အဆိုတင်သွင်းပြီးတော့ တိုင်းပြည်ကသိအောင် ကျနော်လုပ်ရမှာပေါ့။ ကျနော်တတ်နိုင် သလောက်တော့ လုပ်မှာ။”
ဝန်ကြီးဦးကျော်ဆန်းက ပြည်သူ့လွှတ်တော်မှာ နာရီအတော်ကြာ ပြောကြားသွား ရာမှာ စာပေလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားရတာကိုလည်း ရှင်းလင်းသွားတယ်လို့လည်း ဒီ့ပြင်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
“စာပေလွတ်လပ်ခွင့်ဆိုတာကလည်း စည်းမဲ့ကမ်းမဲ့ ဒီအချိန်မှာ လုပ်လို့ မရသေး ဘူးတဲ့၊ ဒီမိုကရေစီဆိုတာ ဒီနိုင်ငံရဲ့ မွေးကင်းစ ကလေးလိုပဲ ရှိပါသေးတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ လျှော့ပေါ့ပြီးတော့ ဥပဒေတွေပြဋ္ဌာန်းပြီး အဆင့်ဆင့်လုပ်လာရင် ဒီ ဥပဒေတွေဟာ သီးခြား ဒီလွှတ်တော်မှာ ပြဋ္ဌာန်းစရာမလိုဘဲနဲ့ တစတစနဲ့ သူတို့က လျှော့ပေါ့ပြီး တိုးလာဖို့ အခြေအနေ ရှိပါတယ်လို့ ပြောပါတယ်။”
စာပေစိစစ်ရေးကို ဝေဖန်နေကြပေမယ့် ဒီစာပေစိစစ်ရေးဟာ မီဒီယာသမားတွေ အပေါ် အကျိုးရှိစေပါတယ်လို့ ကာကွယ်ပြောကြားသွားတယ်လို့လည်း အဲဒီကိုယ်စားလှယ် က ပြန်ပြောပြပါတယ်။
“ဦးကျော်ဆန်းက စာပေစိစစ်ရေးဆိုတာ နှစ်ဘက် ညှိနှိုင်းဖြေရှင်းရပါတယ်။ သတိ ပေးလို့လည်း ရပါတယ်။ စာပေထုတ်ဝေခွင့်ကို ခေတ္တရပ်ဆိုင်းထားလို့ ရပါတယ်။ ဒါကြောင့် မနစ်နာပါဘူးတဲ့။ ဥပဒေအရ အရေးယူတယ်ဆိုတာကတော့ ပြတ်သားတယ်၊ တိကျတယ်၊ ပြင်းထန်တယ် အဲဒါကြောင့် အဲဒီလိုအခြေအနေမျိုး မရောက်ခင် စာပေစိစစ်ရေးအဖွဲ့က ဟန့်တားပေးရတာအတွက် အဲဒါဟာ နှစ်ဦးနှစ်ဘက် အကျိုးရှိပါတယ်လို့ ဖြေသွားပါတယ်။”
ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဦးသိန်းညွန့်တင်သွင်းတဲ့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ညီတဲ့ အလုပ်သမားအခွင့်အရေးကာကွယ်တဲ့ဥပဒေ ပြဋ္ဌာန်းဖို့ အဆိုကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနက လုပ်ဆောင်နေပြီဖြစ်တာကြောင့် အတည်မပြုဘဲ မှတ်တမ်းအဖြစ် ထားရှိခဲ့ပါတယ်။
