Home
မြန်မာသတင်း
ရွှေဂုံတိုင်ခုံးကျော်တံတားစီမံကိန်း မှားယွင်းတွက်ချက်ခဲ့မှုကြောင့် ကျပ်၂၂ သန်းကျော်ပိုနေ
DVB
·
May 31, 2016
ရန်ကုန်မြို့ ရွှေဂုံတိုင်ခုံးကျော်တံတားတည်ဆောက်ရာမှာ မှားယွင်းတွက်ချက်ခဲ့တာကြောင့် စီမံကိန်း ခွင့်ပြုငွေထဲကနေ ပိုငွေ ကျပ် ၂၂ သန်း ကျော်ကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းခဲ့တဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောပါတယ်။ ရွှေဂုံတိုင်ခုံးကျော်တံတားတည်ဆောက်မှုနဲ့ ပတ်သက်ပြီး မေ၃၀ရက်နေ့က  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆိတ်ကြီးခနောင်တိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်  ဒေါ်စန္ဒာမင်းက မေးမြန်းရာမှာ တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ဖြေကြားသွားတာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ရွှေဂုံတိုင်ခုံးကျော်တံတား စီမံကိန်းခွင့်ပြုငွေ စုစုပေါင်း၂ဝဒသမ၈၇ ဘီလီယံဟာ စံနှုန်းကွာခြားတာ၊ ဒေသစံနှုန်း ကွာခြားတာနဲ့ တွက်ချက်မှုမှားယွင်းတာ၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးသွင်းရန် လိုအပ်တာတွေကြောင့် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမယ့် ငွေမှာ ကျပ် ၂၂ သန်း ကျော်ရှိပြီး ငွေအားလုံး ပြန်လည်ပေးသွင်းခဲ့ပြီးဖြစ်တယ်လို့ ရန်ကုန်စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လွှတ်တော်မှာ ပြောပါတယ်။ ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်မှုဖြေလျှော့နိုင်ဖို့ ရွှေဂုံတိုင်ခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂ဝ ဒသမ ၈၇ ဘီလီယံ နဲ့  တင်ဒါအောင်တဲ့  Capital Development ကုမ္ပဏီကို  တည်ဆောက်စေခဲ့တာပါ။ အလားတူ လှည်းတန်းခုံးကျော် တံတားတည်ဆောက်ရာမှာ ပိုလျှံတဲ့ငွေတွေ၊ ရန်ကုန်မြို့တော် စည်ပင်အနေနဲ့ ကတ္တရာ ကွန်ကရစ်ခင်းရာမှာ ပိုလျှံတဲ့ငွေတွေနဲ့  ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ပိုလျှံငွေတွေလည်း နိုင်ငံတော်ကို ပြန်ပေးသွင်းပြီးပြီလို့ တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ပြောပါတယ်။ ယခင် အစိုးရလက်ထက်က ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရှင်းဖို့  ကျပ် ဘီလီယံ ၁ဝဝ ကျော် သုံးပြီး ခုံးကျော်တံတားတွေ တည်ဆောက်ခဲ့တာပါ။ လက်ရှိ အစိုးရသစ်လက်ထက်မှာတော့ ခုံးကျော်တံတား နှစ်စင်းတည်ဆောက်ဖို့ လျာထားငွေ ကျပ်၃၂ ဒသမ ၂၂ ဘီလီယံကို ရန်ကုန် စည်ပင်နယ်နိမိတ်ပြင်ပရှိ ကျေးရွာတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာသုံးစွဲဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဆုံးဖြတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024