လျှပ်စစ်မီး မကြာခဏပြတ်တောက်မှု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေးပြောကြား
ကျော်ဇေဝင်း
·
May 31, 2016
လျှပ်စစ်မီး မကြာခဏပြတ်တောက်မှုနဲ့ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက သတိပေး ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးတွေမှာ လျှပ်စစ်မီးပြတ်တောက်မတွေ မကြာခဏဖြစ်ပေါ်တာနဲ့ ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအနေနဲ့ သတိချပ်သင့်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
''လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ အခုဆိုဂျာနယ်တွေမှာပါတဲ့ ကာတွန်းအချို့ကိုတွေ့ရှိမယ်လို့ ယူဆပါတယ်။ ကာတွန်းတွေက ဘာပြောလဲဆိုရင် ဟိုတုန်းကမီးခဏခဏပြတ်တယ်။ အခုတော့ မီးက ခဏခဏမလာဘူးတဲ့။ ဒါလေးကိုလျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ အထူးသတိချပ်ပြီးတော့ ဂရုစိုက်စေလိုပါတယ်” လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုလိုက်တာပါ။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်မေးမြန်းတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်း လျှပ်စစ် ပြတ်တောက်နေမှုများ၊ လျှပ်စစ်ဓာတ်အားပြည်ဝစွာ မဖြန့်ဖြူးနိုင်ခြင်းများနဲ့ ပတ်သတ်ပြီး လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရန် မည်ကဲ့သို့ဆောင်ရွက်ထားပါသလည်း စတဲ့ ကြယ်ပွင့်ပြမေးခွန်းနဲ့ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦထွန်းထွန်း မေးမြန်းတဲ့ ရေနံလက်ယက်တွင်းလုပ်ငန်းရှင်းတွေကို ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေနဲ့ ပတ်သတ် တဲ့မေးခွန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရှင်းလင်းပြီးနောက်အခုလိုပြောဆိုခဲ့တာပါ။
၂၀၁၆ ခုနှစ်၊ မေလဆန်းပိုင်းအတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် မြန်မာပြည် အထက်ပိုင်းလေပြင်းကျခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ဓာတ်အားစနစ်အတွင်းရှိ မဟာဓာတ်အားလိုင်းတိုင်များကျိုးကျပျက်စီးခြင်း၊ ဓာတ်အားလိုင်းကြိုးများပြတ်ကျခြင်းကြောင့် ဓာတ်အားစနစ်တစ်ခုလုံးယာယီပြတ်တောက်မှုများ (System Breakdown) ဖြစ်ပေါ်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။