၂၁ ရာစုပင်လုံညီလာခံအတွက် ချင်းမိုင်မြို့၌ တိုင်းရင်းသားများ ကြိုတင်ပြင်ဆင်
DVB
·
May 31, 2016
၂၁ ရာစု ပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသားတွေအနေနဲ့ ဘုံသဘောထား ရပ်တည်ချက်တွေချပြနိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မေလ ၂၉ ကနေ ၃၀ ရက်ထိ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတရပ် ကျင်းပသွားပါတယ်။
ဆွေးနွေးပွဲတက်ရောက်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်က “ပညာရေး၊ ကျန်းမာရေး၊ မြေယာစတဲ့ မူဝါဒ မူကြမ်းတွေ ကို ဆွေးနွေးကြတာဖြစ်တယ်၊ ဒီဆွေနွေးပွဲဟာ နိုင်ငံရေးကိစ္စဆွေးနွေးတာမဟုတ်ဘဲ ပေါ်လစီ ဆိုင်ရာဆွေးနွေကြတဲ့ အတွက် အခက်အခဲမရှိဘူး”လို့ ပြောပါတယ်။
မတူတဲ့ တိုင်းရင်းသားနယ်မြေအသီးသီးကကနေ ထွက်လာမယ့် မူဝါဒတွေကို ဘုံသဘော တူညီချက်ရအောင်ပြုပြင်ကာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာမှာ တင်ပြကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမူဝါဒတွေနဲ့ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့တွေအကြား ပြည်တွင်းမှာ နောက်ထပ် ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ ရှိပါတယ်။
ချင်းမိုင်မှာ ကျင်းပတဲ့ ၂ ရက်ကြာဆွေးနွေးပွဲကို တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ)အဖွဲ့က ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် ကိုယ်စားလှယ်တွေအပါအဝင် ပြည်တွင်းပြည်ပ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ ၃၀ ကျော်က တက်ရောက်ဆွေးနွေးကြပါတယ်။