ချင်းပြည်နယ်အစိုးရက ဒေသခံများကို အဓမ္မလုပ်အားပေးခိုင်းစေ
DVB
·
September 7, 2011
ချင်းပြည်နယ်ထဲမှာ အထွေထွေအုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေနဲ့ အစိုးရစစ်တပ်တွေက ဒေသခံပြည်သူတွေကို အဓမ္မလုပ်အားပေးခိုင်းစေနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
ချင်းပြည်နယ် ဖလမ်း၊ ဟားခါးနဲ့ ထန်တလန် စတဲ့ မြို့နယ်တွေက ဝန်ထမ်းအပါအဝင် ဒေသခံတွေနဲ့ ကျောင်းသားတွေ အဓမ္မလုပ်အားပေးစေခိုင်းခံနေရတာတွေကို စုစည်းပြီး ပြည်ပအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်လိုက်တာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်ကစပြီး စနေနေ့တိုင်း စည်ပင်သာယာနဲ့ အစိုးရဧည့်ဂေဟာ ပြုပြင်ရေးလုပ်ငန်းတွေမှာ လုပ်အားပေးခိုင်းစေနေတယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။
လုပ်အားမပေးတဲ့သူတွေကို ဒဏ်ငွေ ၃၀၀၀ ဆောင်ခိုင်းသလို ဝန်ထမ်းထဲက ပျက်ကွက်ပါက လစာအဖြတ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဟားခါးအခြေစိုက် အစိုးရတပ်ရင်း ခလရ ၂၆၆ ကလည်း တပ်ရွှေ့ ပြောင်းရေးမှာ ကျောင်းသားတွေကို လုပ်အားပေးခိုင်းစေတယ်လို့ ပြောပါတယ်။
မေလတုန်းကလည်း ဖလမ်းမြို့နယ်က ရွာသားတွေဟာ လုံလဲန်အခြေစိုက် ခလရ ၂၆၉ နယ်လှည့်စစ်ကြောင်းမှာ စစ်တပ်ပိုင် ပစ္စည်းတွေကို ထမ်းပိုးပေးခဲ့ရတာတွေကို တင်ပြထားပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဇအုပ်လိန်းက “အစိုးရအသစ်လည်း တက်လာပြီ။ သူတို့က တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး ကာကွယ်ပေးရေး ဆိုပြီးပြောတာတွေနဲ့ လုပ်ဆောင်ချက်တွေ တူညီစေချင်ပါတယ်။ ချင်းပြည်နယ်မှာ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့နေရတော့ အများကြီး အခက်အခဲ ရှိတယ်။ ချင်းပြည်နယ်မှာ အာဏာအရှိဆုံးဖြစ်တဲ့ ဦးဟုန်ငိုင်း ကနေ ကောင်းမွန်တဲ့ လုပ်ရပ်တွေနဲ့ နမူနာပြသင့်တယ်။ အစိုးရသစ်က ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ ပြသင့်တယ်” လို့ ပြောပါတယ်။