ချန်ပီယံလိဂ်ဖလားရ ရီးရဲလ်ပရိသတ်များ အကြီးကျယ် အောင်ပွဲခံ (ရုပ်သံ)

ရီးရဲလ်မက်ဒရစ်အသင်းက အက်သလက်တီကို မက်ဒရစ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဖလား ရရှိသွားတဲ့အတွက် ရီိးရဲလ်ပရိသတ်တွေ စပိန်နိုင်ငံမြို့တော် မက်ဒရစ်မှာ အောင်ပွဲခံကြပါတယ်။ အချိန်ပိုပြီးတဲ့အထိ တဂိုးစီ သရေကျခဲ့ပြီး နောက်ဆုံး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပင်နယ်တီဂိုးဟာ ရီးရဲလ်မက်ဒရစ်က အက်သလက်တီကို မက်ဒရစ်အသင်းကို ၅ ဂိုး၊ ၃ ဂိုးနဲ့ အနိုင်ရဖို့ အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။ မက်ဒရစ်မြို့ခံ ၂ သင်းရဲ့ ဗိုလ်လုပွဲဟာ အကြိတ်အနယ် ရှိခဲ့အတွက် ရင်တမမနဲ့ ကြည့်ခဲ့ရတယ်လို့ ရီးရဲလ် ပရိသတ်တွေကပြောပါတယ်။ ဘောလုံးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ရီးရဲလ်အသင်း နည်းပြ ဇီဒန်းက အိပ်မက်တွေ တကယ် ဖြစ်လာတယ်လို့ ပြောပါတယ်။ ရီးရဲလ်အသင်းကို စတင် ကိုင်တွယ်ခွင့်ရတဲ့ အချိန်ကတည်းက ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ မျှော်လင့်ခဲ့တယ်လို့ ဇီဒန်းက ဆိုပါတယ်။ ဒီအတွက်လည်း အကောင်းမြင်စိတ်နဲ့ တသင်းလုံး ကျားကုတ်ကျားခဲ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။ ဒီညမှာရတဲ့ အောင်ပွဲဟာ အသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပါလို့လည်း ဇီဒန်းက ပြောပါတယ်။ အသင်းခေါင်းဆောင် ရာမို့စ်ကလည်း ဒီပွဲမှာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ သူက ဒီနှစ်ရရှိတဲ့ ဖလားဟာ ဘယ်တော့မှ မေ့ရက်စရာမ ရှိတော့ဘူးလို့ ပြောပါတယ်။ အသင်းခေါင်းဆောင် တယောက်အနေနဲ့ တသင်းလုံးကို လှိုက်လှိုက်လှဲလှဲ ချီးကျူးတဲ့အကြောင်းလည်း ရာမို့စ်က ပြောပါတယ်။ အက်သလက်တီကိုအသင်း နည်းပြ ဆီမြွန်နီကတော့ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရှုံးပေးခဲ့ရတဲ့အတွက် စိတ်ထိခိုက်ရပေမယ့် အသင်းသားတွေအတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့  အက်သလက်တီကို မက်ဒရစ်တို့ ချန်ပီယံလိဂ် ဖလား ဗိုလ်လုပွဲမှာ ၂ ကြိမ် ဆုံခဲ့ပြီး ၂ ကြိမ်လုံး မနိုင်ခဲ့တဲ့အတွက် တကယ့်ရှုံးနိမ့်မှုဆိုတာကို ၀န်ခံပါတယ်လို့ ဆီမြွန်နီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up