ပင်နယ်တီအဆုံးဖြတ်ဖြင့် ရီးရဲလ် ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲ (ရုပ်သံဟိုက်လိုက်)

5.8K
မေလ ၂၉ ရက် မနက်က ယှဉ်ပြိုင်သွားတဲ့ ဥရောပချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။
မြို့ခံပြိုင်ဘက်နှစ်သင်းပီပီ အကြိတ်အနယ်ယှဉ်ပြိုင်သွားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း အပြန်အလှန်ရရှိခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာ တိုနီခရူးစ် ကန်တင်ပေးလိုက်တဲ့ ပြစ်ဒဏ်ဘောကို ဂါရတ်ဘေးခေါင်းတိုက်ရာမှာ နောက်ခံလူ ရာမို့စ်က ပိတ်သွင်းပြီး ရီးရဲလ်က အဖွင့်ဂိုးရရှိခဲ့ပါတယ်။
ဒုတိယပိုင်း ၄၈ မိနစ်မှာတော့ တီကိုတိုက်စစ်မှူး ဖာနန်ဒိုတော့ရက်စ်ကို ရီးရဲလ်နောက်ခံလူ ပေပေ အဖျက်ကြမ်းတာကြောင့် ပင်နယ်တီပေးခဲ့ရပါတယ်။ ပင်နယ်တီကို တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း ကန်သွင်းရာမှာ ဘားတန်း ထိသွားခဲ့တာကြောင့် အက်သလက်တီကို ခြေပဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။
ကျန်ပွဲချိန်တွေမှာ တီကိုကပဲ ဖိအားပေးကစားသွားခဲ့ပြီး ပွဲချိန် ၇၉ မိနစ်မှာ လူစားဝင်ကစားသမား ကာရက်စ်ဆိုက တီကိုအတွက် ခြေပဂိုး သွင်းယူပေးခဲ့ပါတယ်။
မိနစ် ၉၀ ထိ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်သလို အချိန်ပိုဆက်ကစားရာမှာလည်း ဂိုးမသွင်းနိုင်ကြတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။
ပင်နယ်တီလေးလုံးမြောက်မှာ ရီးရဲလ်က အလုံးတိုင်း ဂိုးအဖြစ် ကန်သွင်းနိုင်ပေမယ့် တီကိုအတွက် ယန်ဖရန် ကန်သွင်းရာမှာ တိုင်ထိထွက်သွားခဲ့ပါတယ်။ အဆုံးအဖြတ် ပင်နယ်တီဂိုးကိုတော့ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ကန်သွင်းသွားပြီး ရီးရဲလ်မက်ဒရစ် ဗိုလ်စွဲသွားခဲ့ပါတယ်။
အခုအကြိမ် ဗိုလ်စွဲခဲ့တဲ့ ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၁၁ ကြိမ်မြောက် ရရှိတဲ့အသင်းအဖြစ် ဆက်လက် စံချိန်တင်နိုင်ခဲ့ပါတယ်။
နည်းပြဇီဒန်းအတွက်လည်း ရီးရဲလ်အသင်းကို ငါးလကြာ ကိုင်တွယ်ပြီး ချန်ပီယံလိဂ် ရယူပေးနိုင်ခဲ့သလို ကစားသမားဘဝနဲ့ရော နည်းပြ ဘဝနဲ့ပါ ချန်ပီယံလိဂ် ဖလားရဖူးတဲ့ မှတ်တမ်းဝင်သွားခဲ့ပါတယ်။