Home
မြန်မာသတင်း
အွန်လိုင်း ဈေးရောင်းစနစ် သေချာစိစစ်ဝယ်ယူကြရန် တိုက်တွန်း
DVB
·
May 29, 2016
ခေတ်စားလာနေတဲ့ အွန်လိုင်းမှာ ဈေးရောင်းချနေမှုတွေနဲ့ ပတ်သက်ပြီး ကြော်ငြာထားတဲ့ ပစ္စည်းတွေနဲ့ မတူတာတွေကြောင့် သေချာစိစစ်ရွေးချယ်ကြဖို့ ဈေးဝယ်သူတွေက တိုက်တွန်းလိုက်ပါတယ်။ ဆိုင်းခန်းမလိုဘဲ ရောင်းချနိုင်တဲ့  အွန်လိုင်းမှာ ဈေးရောင်းချတဲ့စနစ်ဟာ ဆိုင် တွေထက် ဈေးသက်သာတာ၊ ၀ယ်ယူသူတွေအနေနဲ့ အားမနာတမ်း ကြည့်ရှုလေ့လာ နိုင်တာ၊ အချိန်ကုန်ခံပြီး ဈေးတွေကိုသွားစရာမလိုဘဲ ၀ယ်နိုင်တာတွေကြောင့် နိုင်ငံ တကာမှာနည်းတူ မြန်မာပြည်မှာလည်း ခေတ်စားလာခဲ့တာပါ။ အခုလိုမျိုး အွန်လိုင်း ပေါ်ကနေ ပစ္စည်းရောင်းချတာတွေ များလာတာနဲ့နည်းတူ ၀ယ်သူတွေဘက်က သေချာ လေ့လာစိစစ်ပြီးမှ ၀ယ်ကြဖို့ကိုလည်း  သတိပေးတိုက်တွန်းမှုတွေ ရှိနေတာပါ။ “နောက်ပိုင်း ဓာတ်ပုံထဲမှာ ပြထားတာကတမျိုး၊ အပြင်မှာက တမျိုးပေါ့နော်။ အဲလိုမျိုးတွေက အရမ်းများလာတယ်။ အဲဒါကတော့ ဈေးဝယ်တဲ့သူပေါ်မှာပဲ မူတည်ပါတယ်။ သူရွေးချယ်တဲ့ အွန်လိုင်းရှောပင်းမောလ်မှာ မူတည်တယ်ပေါ့။ ပစ္စည်းတခုဆိုရင် တဆိုင်တည်းမှာပဲ ရောင်းတော့တာ မဟုတ်ဘဲနဲ့၊ အခုဟာက ဆိုင်အမျိုးမျိုးမှာပါ ရောင်းလာကြတယ်။ အဲမှာ ကိုယ် ဈေးအသက်သာဆုံးနဲ့၊ အဆင်ပြေမယ့် ဆိုင်မျိုးကို ရွေးချယ်တတ်ဖို့ လိုပါတယ်လို့ ထင်ပါတယ်” လို့ အွန်လိုင်းမှ ဈေးဝယ်သူ မစုနှင်းထိုက် က ပြောပါတယ်။ တချို့ဝယ်ယူသူတွေအနေနဲ့ ကြော်ငြာတဲ့ပစ္စည်းနဲ့ အပြင်နဲ့ကွာနေတာ။ ငွေပေးပြီး ပစ္စည်းရောငွေရော ပြန်မရတာ စတာတွေကို ကြုံခဲ့ရသူတွေလည်း ရှိကြပါတယ်။ လတ်တလောမှာတော့ အွန်လိုင်း ဈေးကွက်တွေအနေနဲ့ ၀ယ်ယူသူတွေကြားထဲမှာ ဝေဖန်မှုတွေရှိနေပေမယ့် ပစ္စည်းတွေရဲ့အရည်အသွေး၊ ၀န်ဆောင်မှုတွေကို လုပ်ဆောင် ပေးနေတဲ့ အွန်လိုင်းဈေးကွက်အချို့လည်း ရှိပါတယ်။ အွန်လိုင်းဈေးကွက်ထဲမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ Kaymu.com.mm မှ မန်နေဂျာ Olivier Leval က   “၀ယ်သူတွေအနေနဲ့ အိမ်ရောက်မှ ပိုက်ဆံပေးရတယ်။ ပစ္စည်းလာပို့ရင်လည်း ဖောက်ပြီး စစ်လို့ရတယ်။ အဆင်မပြေဘူး ပစ္စည်းက ပျက်စီးနေရင်၊ ပစ္စည်းပြန်ပေးလိုက် လို့ရတယ်။ ပစ္စည်းတခုခုဖြစ်ရင် ၃ ရက်အတွင်း ပြန်လဲပေးပါတယ်။ နယ်ကလူတွေ အတွက်ကတော့ ကြန့်ကြာနေတာတွေ ရှိပါတယ်။ အွန်လိုင်းမှာတင်ထားတဲ့ ပစ္စည်းတွေ ကလည်း Branded အမျိုးမျိုး ဖြစ်နေတဲ့အတွက်၊ ပစ္စည်းတခုရဲ့ အချက်အလက်အပြည့် အစုံကို တင်ပေးထားတယ်။ တချို့ကတော့ ဒီအတိုင်းမှာလိုက်တယ်။ အတုလို့ ပြောတာတွေလည်း ရှိတယ်။ အဲလိုဆိုရင် သေချာနားလည်အောင် ရှင်းပြပေးပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ စမတ်ဖုန်းတွေကဆင့် အင်တာနက်အသုံးပြူသူတွေ များလာတာနဲ့ အတူ၊ အွန်လိုင်းဈေးကွက် ဒီထက်အောင်မြင်လာမယ်လို့ မျှော်လင့်မိကြောင်း အွန်လိုင်း ဈေးကွက် လုပ်ကိုင်နေသူ Shop.com.mm မှ မန်နေဂျင်းဒါရိုက်တာ Sumit Jasoria က အခုလို သုံးသပ်ပြောကြားခဲ့ပါတယ်။ “အခုခေတ်က မိုဘိုင်းဖုန်းတွေလည်း အသုံးပြုနိုင်ပြီ။ အင်တာနက်လိုင်းတွေ လည်း မြန်လာပြီ။ Ooredoo ကလည်း 3G အထိရလာပြီဆိုတော့၊ အွန်လိုင်းရှောပင်း တွေအတွက် ရှေ့ဆက်ပြီးတော့ တိုးတက်လာမယ်။ အခြေကျလာမယ်ဆိုတာ ယုံကြည် ပါတယ်။” အွန်လိုင်းဈေးကွက်ထဲမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ Kaymu.com.mm ကတော့ ဧပြီလအတွင်းမှာပဲ မြို့ကြီး(၃) မြို့က ၀ယ်ယူသူ(၈၀) ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ရောင်းချတဲ့ ဈေးကွက်မှာ အောင်မြင်နေတဲ့ ကုမ္ပဏီ ၁၀ ခု ၀န်းကျင်လောက်ရှိပြီး၊ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေတဲ့သူတွေ အခုဆို တော်တော်များများ ရှိလာနေပါတယ်။ ဈေးဝယ်သူတွေအနေနဲ့ ပေါက်ဈေးထက် အရမ်းကွာနေတာတွေနဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှု သက်တမ်းတွေကိုလည်း သတိထား ကြည့်ရှုကြဖို့ တိုက်တွန်းသူတွေလည်း ရှိပါတယ်။ သတင်း - နွယ်နီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024