ဆီးရီးယား စစ်ပြေးဒုက္ခသည်များအတွက် ပိတ်ပင်တားဆီးမှုမလုပ်ရန် ကုလတောင်းဆို

ဆီးရီးယား စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ပင်တားဆီးတာတွေ ဆက်မလုပ်ဖို့ ကုလသမဂ္ဂက ဆီရီးယားအစိုးရကိုရော၊ တခြား လက်နက်ကိုင် အုပ်စုတွေကိုရော တောင်းဆိုလိုက်ပါတယ်။
အပြစ်မဲ့ ပြည်သူတွေကို တိုက်ပွဲတွေထဲ ပိတ်မိနေအောင် ၀ို်င်းထားပြီး အငတ်ထားတာ၊ စစ်လက်နက်တခုအနေနဲ့ အသုံးပြုနေတာ ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး စတီဗင် အို ဘရိုင်ယန်က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။
နောက်ဆုံး သတင်းတွေအရ အခုအချိန်မှာ ၆ သန်းနီးပါးဟာ စစ်ပွဲတွေထဲမှာ ပိတ်မိနေပြီး အစိုးရစစ်တပ်က ပိတ်ဆို့တာ ခံထားရတဲ့ အရပ်သားတွေက ပိုများတယ်လို့ ဆိုပါတယ်။
ဆီရီးယား စစ်ပွဲဟာ ငါးနှစ် ကြာနေပြီး လူပေါင်း နှစ်သိန်းခွဲ သေဆုံးကာ သန်းချီ အိုးအိမ် စွန့်ခွာခဲ့ရပါတယ်။
အစိုးရတပ်နဲ့ တခြား လက်နက်ကိုင်အုပ်စုတွေဟာ အရပ်သားတွေကို တမင် ရည်ရွယ်ချက် ရှိရှိ ပိတ်ထားတယ်လို့ ဘရိုင်ယန်က ဆိုပါတယ်။
လူသားချင်း စာနာမှု အကူအညီတွေ တင်ထားတဲ့ ယာဉ်တွေကို စစ်ပွဲထဲ ပိတ်မိနေတဲ့ လူတွေရှိရာ နေရာပေါင်း ၃၅ ဆီကို သွားဖို့ ရည်ရွယ်ပေမယ့် ၁၄ နေရာပဲ သွားခွင့်ရတယ်လို့ ဘရိုင်ယန်က ပြောပါတယ်။
၂၀၁၄ ဖေဖော်ဝါရီလက စလို့ ကုလသမဂ္ဂက စီစဉ်ပေးတဲ့ အကူအညီ ယာဉ်တန်းတွေမှာ ပါသွားတဲ့ ဆေးဝါးတွေနဲ့ လူပေါင်း ခြောက်သိန်းခွဲလောက်ကို ဆေးကုပေးနိုင်ခဲ့တယ်လို့လည်း ဘရိုင်ယန်က ဆိုပါတယ်။