ကိုလံဘီယာတွင် သူပုန်အဖွဲ့က ဖမ်းထားသည့် သတင်းသမား ၃ ဦး ပြန်လွတ်

923
ကိုလံဘီယာနိုင်ငံမှာ မာ့က်စ်ဝါဒီ သူပုန်တွေ ဖမ်းဆီးတာ ခံထားရတဲ့ သတင်းသမား ၃ ဦး မေ ၂၇ ရက်နေ့က ပြန်လွတ်မြောက်လာပါတယ်။
တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ နော်တီ ဒီ စန်တန်ဒါ ပြည်နယ်ထဲမှာ သတင်းထောက် ၃ ဦး တပတ်နီးပါး ပျောက်ဆုံးခဲ့ပြီး ပြန်လွတ်လာတာ ဖြစ်ပါတယ်။
ပြန်လွတ်လာတဲ့ ၃ ဦးထဲက စပိန်အမျီုးသမီး ဂျာနယ်လစ် ဆာလဒ် ဟာနန်ဒတ်စ်က အယ်တာရာ နယ်မြေထဲမှာ မေလ ၂၁ ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့တာဖြစ်ကြောင်း၊ သူ့ကို လက်ဝဲ၀ါဒီ (ELN) သူပုန်တွေက ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီး ရက်တချို့ ဖမ်းဆီးထားမယ့်အကြောင်း ကြိုတင် အသိပေးခဲ့တယ်လို့ သတင်းစာရှင်လင်းပွဲမှာ ပြောပါတယ်။
ဟာနန်ဒတ်စ်ဟာ အသက် ၅၉ နှစ်အရွယ်ဖြစ်ပြီး စပိန်က El Mundo သတင်းစာ အပါအ၀င် ဒေသသတင်းစာတွေအတွက် သတင်းရေးသားနေသူ ဖြစ်ပါတယ်။
El Mundo သတင်းစာဟာ ကိုလံဘီယာ သူပုန်တွေကို ဝေဖန်လေ့ ရှိတဲ့ သတင်းစာအဖြစ်လည်း လူသိများပါတယ်။
မငြိမ်းချမ်းတဲ့နေရာတွေကို မသွားဘဲ သတင်းသမားအလုပ်ကို ဆက်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြန်လွတ်မြောက်လာတဲ့ ဟာနန်ဒတ်စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
သတင်းသမား ၃ ယောက်စလုံး ပြန်လည် လွတ်မြောက်လာတာကို ကိုလံဗီယာ အစိုးရကလည်း အတည်ပြုပါတယ်။
သတင်းသမားတွေ ပြန်လွတ်လာတာဟာ အစိုးရနဲ့ လက်ဝဲ၀ါဒီ သူပုန်တွေကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ အထောက်အကူ တခု ဖြစ်နိုင်တယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မတ်လမှာ ကြေညာခဲ့ပေမယ့် သူပုန်တွေဘက်က အချိန်ဆွဲခဲ့ပြီး ဒီကြားထဲမှာ လူတွေကို ဖမ်းဆီးတာတွေ၊ လမ်းတံတားတွေကို ဖျက်ဆီးတာတွေ ဆက်လုပ်ေ်နခဲ့တာပါ။
အဖမ်းခံထားရသူတွေကို အားလုံးကို ပြန်လွှတ်ပေးမှပဲ တရားဝင် ဆွေးနွေးပွဲတွေ ဖြစ်နိုင်မယ်လို့ ကိုလံဘီယာ အစိုးရဘက်က တောင်းဆိုထားပါတယ်။