ကျောက်မဲတွင် လက်နက်ကိုင်တပ်ဖွဲ့တခုကို အလိုမရှိ၊ တဖွဲ့ကို အလိုရှိဟု ဆန္ဒပြ
ရွှေအောင်
·
May 28, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုကို အလိုမရှိဘဲ တဖွဲ့ကိုတော့ အလိုရှိကြောင်း မြို့ခံထောင်ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။
ကျောက်မဲမြို့က ရှမ်းသံဃာတော်တွေဦးဆောင်ပြီး မြို့ပေါ်နဲ့ အနီးနားကျေးရွာတွေက ဒေသခံထောင်ချီ ဆန္ဒြပခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြသူတွေ ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေမှာ ပလောင်လက်နက်ကိုင်တပ်ဖွဲ့ (တီအန်အယ်လ်အေ) ကို အလိုမရှိဘဲ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ တပ်ဖွဲ့ကိုတော့ အလိုရှိကြောင်း ရေးသားဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ကိုစိုင်းဟန်က သူတို့အနေနဲ့ တီအန်အယ်လ်အေ တပ်ဖွဲ့ရဲ့ လူထုအပေါ်ညှဉ်းပန်းနှိပ်စက်ခဲ့တာတွေကို သေချာသိလို့ ခုလို ခွဲခြားဆနပြတာလို့ ပြောပါတယ်။
“အဲ့ဒါက ကျနော်တို့ သီးသန့်ကို ခွဲတာပါ၊ ဘာလို့လဲဆိုတော့ နမ့်ခမ်း၊ မိုင်းပျဉ်း၊ ဟိုပန်ကျေးရွာဘက်မှာ နေအိမ် ၆၅ လုံးကျော် မီးရှို့သွားတာက တီအန်အယ်လ်အေက ရှို့သွားတာ၊ အစိုးရတပ်မတော်က ရှို့တာလည်း မဟုတ်ဘူး၊ အာစီအက်စ်အက်စ်က ရှို့တာလည်း မဟုတ်ဘူး။”
ဖေဖော်ဝါရီလအတွင်း ကျောက်မဲမြို့နယ်၊ တော့ဆန်ဘက်မှာ ရွာသားတွေကို ဖမ်းပြီး သတ်ပစ်တာတွေလည်း လုပ်ခဲ့အတွက် တီအန်အယ်လ်အေတပ်ဖွဲ့ကို ဆန့်ကျင်ကန့်ကွက်ရတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း ကျောက်မဲမြို့နယ်ထဲမှာ တီအန်အယ်လ်အေတပ်နဲ့ အာစီအက်စ်အက်စ် တပ်ဖွဲ့တို့ကြား၊ အစိုးရတပ်နဲ့ တီအန်အယ်လ်အေ၊အစိုးရတပ်နဲ့ အာစီအက်စ်အက်စ်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တိုင်းလည်း တပ်ဖွဲ့တွေအကြား အပြန်အလှန်စွပ်စွဲပြောဆိုခဲ့ကြပြီး တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
ဓာတ်ပုံ - Ho Tai Kyaukme