အီးယူမှ ခွဲထွက်ပါက ကုန်သွယ်မှု အခက်ကြုံနိုင်ဟု ဗြိတိန်ဝန်ကြီးချုပ် သတိပေး

878
ဗြိတိန်နိုင်ငံကို ဥရောပသမဂ္ဂ အီးယူကနေ ခွဲထုတ်လိုက်ရင် အရေးကြီးတဲ့ ကုန်သွယ်မှု အပိုင်းမှာ အခက်ကြုံနိုင်တယ်လို့ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သတိပေးလိုက်ပါတယ်။
ဂျပန် နိုင်ငံမှာ ၂ ရက်တာ ကျင်းပတဲ့ G7 အစည်းအဝေး နောက်ဆုံးနေ့မှာ ကင်မရွန်းက အခုလို ပြောလိုက်တာပါ။
အီးယူရဲ့ အပြင်ဘက်ကို ထွက်လိုက်မယ်ဆိုရင် ကုန်သွယ်ရေးအပိုင်းမှာ လက်ရှိ အခြေအနေမျိုး၊ အခုလောက်ပမာဏမျိုး ရရှိတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
G7 အစည်းအဝေးမှာ ဒီကိစ္စကိုလည်း ဆွေးနွေးခဲ့ပြီး တချို့ ခေါင်းဆောင်တွေက တကယ်လို့ အီးယူကနေ ဗြိတိန်ထွက်သွားရင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ကြီးမားတဲ့ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။
အီးယူနဲ့ ဗြိတိန် တွဲရေး ခွဲရေး ကိစ္စကို ဇွန်လ ၂၃ ရက်နေ့ကျရင် လူထုဆန္ဒခံယူဖို့ ရှိပါတယ်။
G7 အစည်းအဝေးမှာ ယူကရိန်းနိုင်ငံရေး အကြပ်အတည်းကိုလည်း ဆွေးနွေးပြီး ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ ကင်မရွန်းက ပြောပါတယ်။
ဥရောပထဲ ရေကြောင်းကနေ ခိုးဝင်ဖို့ ကြိုးစားသူတွေကို တားဆီးဖို့ ရည်ရွယ်တဲ့ အီးယူနဲ့ တူရကီတို့ ကြားက သဘောတူညီချက်လည်း အကျိုးရှိတယ်လို့ ကင်မရွန်းက ပြောပါတယ်။
သဘောတူညီချက် မတိုင်ခင်က ဥရောပဘက်ကို နေ့စဉ် လူ ၂ ထောင်လောက် ဆိုက်ရောက်ခဲ့ပြီး လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာ ပျမ်းပျ နေ့စဉ် လူ ၁၀၀ နှုန်းလောက်အထိ လျော့ချနိုင်တယ်လို့ ဆိုပါတယ်။
G7 အစည်းအဝေးမှာ စီးပွားရေး တိုးတက်မှုကို မြှင့်တင်ဖို့ ကိစ္စ၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ လုပ်ရပ်တွေကို စိုးရိမ်တဲ့အကြောင်းနဲ့ ပင်လယ်ရေပိုင်နက် အငြင်းပွားမှုမှာ တရုတ်ရဲ့  ပါဝင်ပတ်သက်မှုတွေကလည်း ဆွေးနွေးခဲ့ကြပါတယ်။