ဂျပန်က ဟီရိုရှီးမားလို နန်ကျင်းသမိုင်းကို မမေ့သင့်ဟု တရုတ်ပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ
တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ဂျပန်နိုင်ငံက ဟီရိုရှိးမား သမိုင်းကို မမေ့သင့်သလို၊ တရုတ်နိုင်ငံက နန်ကျင်းသမိုင်းကိုလည်း လျစ်လျူမရှုသင့်ဘူးလို့ မေ ၂၇ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။ ဟီရိုရှီးမားမြို့ကို သမ္မတ အိုဘားမား အလည်အပတ်သွားတဲ့အပေါ် သတင်းထောက်တွေက မေးမြန်းစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အခုလို ဖြေကြားလိုက်တာပါ။ ဂျပန်နိုင်ငံမှာ ၂ ရက်တာ ကျင်းပတဲ့ G7  ထိပ်သီး အစည်းအဝေး ဒုတိယနေ့မှာ သမ္မတ အိုဘားမားက ဟီရိုရှီးမားမြို့ကို အလည်သွားခဲ့ပါတယ်။ ဟီရိုရှီးမားမြို့ဟာ ဒုတိယ ကမ္ဘာစစ်ကာလတုန်းက အမေရိကန် အနုမြူဗုံးချတာကို ခံခဲ့ရတဲ့မြို့ ဖြစ်ပါတယ်။ ဟီရိုရှီးမားမြို့ကို အလေးထားဖို့ လိုအပ်သလိုပဲ နန်ကျင်းကလည်း မမေ့သင်ဘူး။ ခံစားခဲ့ရသူတွေအတွက် ကိုယ်ချင်းစာသင့်သလို၊ ကျူးလွန်သူတွေကလည်း တာဝန်ကို မရှောင်လွှဲသင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ၁၉၃၇ ခုနှစ်က တရုတ်နိုင်ငံ မြို့တော် နန်ကျင်းကို ဂျပန်တပ်တွေက သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံသား သုံးသိန်းလောက် အသတ်ခံခဲ့ရတယ်လို့ တရုတ်ဘက်က ဆိုပါတယ်။ ဒါပေမယ့် စစ်ကြီးပြီးတဲ့အခါ မဟာမိတ်တွေရဲ့ စစ်ခုံရုံးက သေဆုံးသူ တသိန်းလေးသောင်းနှစ်ထောင်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကွန်ဆာဗေးတစ် ဂျပန် နိုင်ငံရေးသမားတွေနဲ့ ဂျပန် ပညာရှင်တွေကတော့ နန်ကျင်းမှာ ဒီလိုမျိုး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up