Home
Lead Story
ချင်းမိုင်မြို့က ၀တ်လစ်စလစ် ပန်းခြံ
DVB
·
May 28, 2016
သိသာသိစေ၊ မမြင်စေနဲ့ဆိုတဲ့ စကားအတိုင်းပဲ လူသားတွေရဲ့ ခန္ဓာကိုယ်မှာ လျှို့ဝှက်အပ်တဲ့ အစိတ်အပိုင်းတွေ ရှိပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ပြင်မှာ အသစ်ဖွင့်လှစ်ထားတဲ့ ပန်းခြံဟာ တချို့လူတွေအတွက် မျက်နှာပူစရာ၊ ရှက်စရာတွေ ဖြစ်နေနိုင်ပါတယ်။ မော်ဒန်ပန်းချီလောကမှာ ၀တ်လစ်စလစ် ပန်းချီကားတွေဟာ အထူးအဆန်းတခု မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီလို လျှို့ဝှက်အပ်တဲ့ အစိတ်အပိုင်းတွေကို ရုပ်တုထုပြီး တစုတဝေးတည်း ပြသထားတာမျိုးကတော့ တချို့လူတွေအတွက် မကြည့်ဝံ့ မမြင်သာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ တမူထူးတဲ့ စိတ်ကူးကို ပုံဖော်ခဲ့တဲ့ ထိုင်းအမျိုးသမီး ပန်းခြံပိုင်ရှင် Katai Kamminga အတွက်ကတော့ ဒါက နူးညံ့တဲ့ အနုပညာ ပုံစံတခု။ လူ့သဘာဝနဲ့ ခွဲခြားမရတဲ့ အလှတရား တမျိုးပါ။ "ကျမကို ဒီလိုပန်းခြံဖြစ်လာအောင် တွန်းအားပေးတဲ့ အရာကတော့ သဘာဝတရားပါ။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝတရားတွေက ဆွဲဆောင်မှုရှိတယ်လို့ ကျမမြင်တယ်။ ပန်း၊ ရှုခင်း၊ အသီးအနံ့ စတဲ့ သဘာဝ အလှတရားတွေဟာ ကျမရဲ့ ဘဝအစိတ်အပိုင်းဖြစ်တာကြောင့် ဒီစိတ်ကူးတွေကို ဖော်ပြဖို့ အခုလိုပန်းခြံကို စလုပ်ဖြစ်တာပါ။ "ဒီပန်းကိုကြည့်မယ်ဆိုရင် ပွင့်ဖတ်ကတော့ မလက္ခဏာ ဆောင်ပြီး ဝတ်ဆံကတော့ ဖိုလက္ခဏာ ဆောင်ပါတယ်။ ဒါပေမယ့် ပန်းရောင်က လူသားတွေရဲ့ အရေပြားအရောင်ကို ကိုယ်စားပြုပါတယ်။ ပြီးတော့ ဒီပန်းဟာ အဖိုနဲ့အမ ပေါင်းထားတာကို တွေ့ရပါတယ်။ Erotic ဆိုတာ လူသားတွေရဲ့ ဘဝအစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် Erotic ဆိုတဲ့ အဓိပ္ပာယ်အပေါ်ကို တယောက်နဲ့တယောက် အမြင်မတူနိုင်ပါဘူး။" ချင်းမိုင်မြို့အပြင်ဘက် မယ်ရင်းခရိုင်မှာ ဖွင့်ထားတဲ့ ဒီပန်းခြံဟာ အကျယ်အဝန်း တဧကကျော်ကျော် ရှိပါတယ်။ ဒီထဲမှာ ဖိုက်ဘာနဲ့ ဘိလပ်မြေတွေနဲ့ ထုလုပ်ထားတဲ့ ဒီလို ရုပ်တုပေါင်း ၁၅ ခု ရှိပါတယ်။ "ကျမပြောတာကိုယုံလား၊ ယောကျာ်းအားလုံးနီးပါးဟာ အမျိုးသမီးတွေရဲ့ အနောက်ကိုကြည့်တာနဲ့ တင်ပါးကိုပဲ ပထမဦးဆုံး ကြည့်ကြတယ်။ ပန်းသီးလိုပုံစံလား၊ ဘူးသီးလိုပုံစံလား၊ ဒါက လူတွေရဲ့အမြင်မှာ သဘာဝတရားနဲ့ နှိုင်းယှဉ်ကြည့်တာ ဖြစ်ပါတယ်။ မြင်လိုက်တဲ့ အရာတခုဟာ ကိုယ့်အတွက် လှပတယ်၊ ဆွဲဆောင်မှုရှိတာဟာ Erotic ဖြစ်တယ်။ ကြက်သွန်နီလေးကိုမြင်လား၊ အဲလိုပုံစံလေး ခွဲလိုက်ရင် ဘာပုံထွက်လာမလဲဆိုတာ တွေးကြည့်လေ။" ဒီကိုလာတဲ့သူတိုင်း ဝင်ကြေး ၃၀၀ ပေးရပြီး ရေ၊ ကော်ဖီ၊ လက်ဘက်ရည် စတဲ့ နှစ်သက်ရာ သောက်စရာတမျိုးမျိုးကို သုံးဆောင်နိုင်ပါတယ်။ လာရောက်ကြည့်ရှုသူ အများစုကတော့ အနောက်နိုင်ငံသားတွေ ဖြစ်ပါတယ်။ သူတို့အတွက်လည်း  စိတ်ကူးယဉ်စရာ အတွေ့အကြုံသစ်ပါပဲ။ "ဒီခြံထဲကို ဝင်လာတာနဲ့ အိပ်မက်ထဲ လမ်းလျှောက်နေရသလိုပါပဲ။ ဒီနေရာမျိုးကို တခါမှ မတွေ့ဘူးပါဘူး။ ပန်းရနံ့တွေလည်းမွှေး၊ ရှုခင်းတွေလည်း လှတယ်၊ Lord of the Ring ရုပ်ရှင်ကားထဲကလို Hobbit အိမ်လေးတွေလို Erotic Hobbit လေးလိုပေါ့ဗျာ။" ရုပ်တုတွေအားလုံးက ပန်းခြံပိုင်ရှင်ရဲ့စိတ်ကူးနဲ့ ချင်းမိုင်တက္ကသိုလ်က အနုပညာကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ လက်ရာနဲ့ ပေါင်းစပ်ပြီး ထုလုပ်ထားတာပါ။ ထူးခြားတာတခုက ဒီပန်းခြံထဲက ရုပ်တုတွေအများစုဟာ အဖြူနဲ့ ရွှေဝါရောင်တွေ ချယ်ထားတာ တွေ့ရပြီး နုပျိုခြင်းနဲ့ ဖြူစင်ခြင်းကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက ဒီဥယျာဉ်ကို စတင်ဖွင့်လှစ်ပြီး လပိုင်းအတွင်းမှာပဲ အာဏာပိုင်တွေရဲ့ စစ်ဆေးတာတွေ ခံခဲ့ရပါတယ်။ ပန်းခြံပိုင်ရှင်ကတော့ ဒီပန်းခြံကို လာလည်ကြသူတိုင်း ရှေးရိုးစွဲအမြင်တွေကို စွန့်ပြီး အတွေးအခေါ်သစ်တွေကို ခံယူတတ်ဖို့လိုကြောင်း ဆိုပါတယ်။ "ဒါကတော့ ရိုးရိုး ထိုင်းစတိုင်အိမ်တလုံးပါ။ တိုင်ရဲ့အပေါ်ပိုင်းကို ကြည့်မယ်ဆိုရင်တော့  ဒါက ကျမတို့ရဲ့ ယဉ်ကျေးမှုတခုဖြစ်တယ်။ အမှန်ဆိုရင် လူတွေက သေးသေးလေးတွေပဲ လုပ်ကြတာ။ ဒါပေမယ့် ကျမက အကြီးကြီး လုပ်လိုက်တာပါပဲ။" ပိုင်ရှင်ကတော့ သူ့ရဲ့ပန်းခြံဟာ တောင်အရှမှာ တခုတည်းရှိတဲ့ ပန်းခြံလို့ ပြောပါတယ်။ ဒီလိုပန်းခြံမျိုးကို ငယ်ငယ်ကတည်းက စိတ်ကူးခဲ့တာဖြစ်ပြီး အခုတော့ သူ့စိတ်ကူးတွေ ရုပ်လုံးပေါ်လာပြီလို့ ပြောရမှာပါ။ နောက်ပိုင်းမှာတော့ မြန်မာပြည်ကထွက်တဲ့ အရည်အသွေးကောင်းတဲ့ စကျင်ကျောက်နဲ့ ရုပ်တုတွေထုပြီး သူ့ရဲ့စိတ်ကူးထဲက ဥယျာဉ်ကို အားဖြည့်ဖို့လည်း မျှော်လင့်နေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024