ဥရောပ အမြင့်ဆုံးမီးတောင်ကြီး လှုပ်ရှားမှုပြင်းထန် (ရုပ်သံ)
ဥရောပတိုက်ရဲ့ အမြင့်ဆုံး မီးတောင်ကြီးဖြစ်တဲ့ မောင့်တ် အက်နာ (Mount Etna) မီးတောင်ဟာ မေလ ၂၅ ရက်က လှုပ်ရှားမှု ပြင်းထန်လာပါတယ်။
အမြင့်ပေ ၁၁၀၀၀ နီးပါးရှိတဲ့ အက်နာမီးတောင်ဟာ ဥရောပရဲ့ လှုပ်ရှားမှုအများဆုံး မီးတောင်ကြီးလည်းဖြစ်ပြီး နှစ်စဉ် ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေလည်း မကြာခဏ ဖြစ်ပွားပါတယ်။
မေ ၂၅ ရက်နေ့က ပေါက်ကွဲမှုကတော့ သိပ်မကြာပေမယ့် ပြင်းထန်ခဲ့ပြီး မီးတောင်ဝတခုမှာ ချောရည်ပူတွေနဲ့ တနေကုန် ပြည့်နေခဲ့ပါတယ်။
ကမ္ဘာတ၀န်းက ကမ္ဘာလှည့်ခရီးသွားတွေ ဒီမီးတောင်ရှိတဲ့ အီတလီနိုင်ငံတောင်ပိုင်း၊ စစ္စလီကျွန်းကို လာရောက်ကြပြီး မီးတောင်လှုပ်ရှားမှုကို အနီးကပ် လာရောက်ကြည့်ရှုကြပါတယ်။
ကမ္ဘာပေါ်မှာ အက်နာမီးတောင်လောက် ပေါက်ကွဲမှုမှတ်တမ်း အစောဆုံး တင်ထားနိုင်တဲ့ မီးတောင် မရှိပါဘူး။
မီးတောင်ပေါက်ကွဲမှု အစောဆုံးမှတ်တမ်းအဖြစ် ဘီစီ ၄၂၅ ခုနှစ်ကတည်းက မှတ်တမ်းရှိခဲ့ပါတယ်။
ဒေသခံတွေအပေါ် ဘေးအန္တရာယ် ပေးနိုင်လောက်တဲ့ နောက်ဆုံးပေါက်ကွဲမှုကတော့ ၁၉၉၂ ခုနှစ်က ပေါက်ကွဲမှုဖြစ်ပြီး အနီးဆုံးမြို့ကို မီးတောင်ချော်ရည်တွေ ဖုံးအုပ်တော့မယ့် အန္တရာယ် ရှိခဲ့ပါတယ်။