A d v e r t i s e m e n t With Us

အခမဲ့ပညာရေးစနစ်ကြောင့် ကျောင်းနေသည့်ကလေး ပိုများလာရန် မျှော်လင့်

အခမဲ့ပညာရေးစနစ်ကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်လာနိုင်ပြီး ကျောင်းနေတဲ့ ရာခိုင်နှုန်းတွေ ပိုမြင့်လာဖို့ မျှော်လင့်ထားပါတယ်။ အခမဲ့ပညာရေးစနစ်သစ်ကြောင့် အကြောင်းအမျိုးမျိုးနဲ့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေလည်း ကျောင်းတက်လာနိုင်တဲ့အတွက် ကျောင်းနေတဲ့ ကလေးရာခိုင်နှုန်း ပိုမြင့်လာဖို့ မျှော်လင့်တယ်လို့ အထက (၁) တာမွေမှ အထက်တန်းပြဆရာမ ဒေါ်အေးအေးညွန့်က ပြောပါတယ်။ “အခမဲ့ပညာရေးစနစ် လုပ်လိုက်တဲ့အတွက်ကြောင့် မိဘတွေမှာ ၀န်ထုပ်ဝန်ပိုးတွေ လျော့ကျသွားတဲ့ အတွက်ကြောင့် ကျောင်းနေအရွယ် ကလေးတွေအားလုံးဟာ ကျောင်းကိုရောက်လာမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် အပြင်ဘက်ကို တနှစ်နားနေရတဲ့ ကလေးတွေလည်း သူတို့အတွက် အထိုက်အလျောက် အဆင်ပြေပြီးတဲ့အခါမှာ ကျောင်းကိုရောက်လာနိုင်လို့ ကျောင်းတက်တဲ့ရာခိုင်နှုန်း များလာမယ်လို့ ကျမတို့က မျှော်လင့်ထားပါတယ်။” အခမဲ့ပညာရေးစနစ်အပြင် သူငယ်တန်းကစပြီး အထက်တန်းထိ စာသင်တဲ့ပုံစံ သင်ရိုးတွေလည်း အားလုံးပြောင်းလဲပြီး ၄ တန်း၊ ၈ တန်းတွေကို အစိုးရစစ်ပုံစံ ပြောင်းလဲလိုက်တဲ့အတွက် ပညာရေးပိုင်းကို ကျောင်းသားတွေ ပိုပြီး ကြိုးစားလာကြတယ်လို့ သူက ဆက်ပြောပါတယ်။ ကျောင်းအပ်တဲ့အခါ ကျောင်းအပ်ဖို့ ကုန်ကျငွေအတွက် စိတ်ပူစရာမလိုတော့ဘဲ ဖတ်စာအုပ်ကအစ ကျောင်းကထောက်ပံ့ပေးတော့ ကလေးဦးရေ များရင်တောင် ကလေးတိုင်း ကျောင်းတက်နိုင်တဲ့ အခွင့်အရေး ရလာနိုင်တာပါ။ “သားသမီးတွေ များတဲ့အခါကျတော့ ပိုပြီး အဆင်ပြေတာပေါ့နော်။ အကုန်လုံးပေါ့၊ လူစေ့တက်စေ့လည်း ကျောင်းနေနိုင်တဲ့ အခွင့်အရေးတွေ ရလာတယ်။ ပိုပြီးတော့ မိဘတိုင်းက ၀မ်းသာအားရ ဖြစ်ပါတယ်” လို့ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဒေါ်နုနုခိုင်က ပြောပါတယ်။ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းကနေ အထက်တန်းထိ ကျောင်းအပ်နှံမှုတွေကို မေလ ၂၅ ရက်ကနေ ၃၀ ရက်နေ့ထိ သတ်မှတ်ထားပါတယ်။ သတင်း - ခင်နှင်းဖြူစိုး

A d v e r t i s e m e n t With Us

More News
Up