Home
မြန်မာသတင်း
စစ်ဘေးကြောင့်အိမ်ရာမဲ့သူများအတွက် ကေအန်ယူမြို့သစ်တည်ဆောက်နေ
နော်နိုရင်း
·
May 26, 2016
စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူတွေ ပြန်လည်နေထိုင်ဖို့အတွက် ကရင် အမျိုးသားအစည်းအရုံးကနေ ဦးဆောင်ပြီး ကရင်ပြည်နယ်အတွင်း မြို့သစ်တွေတည် လူနေအိမ်တွေ တည်ဆောက်နေပါတယ်။ ကရင်ပြည်နယ် မြ၀တီမြို့တောင်ဖက် ၉ မိုင်လောက်ဝေးတဲ့နေရာ (KNU) လက်အောက်ခံ ဒူးပလာယာခရိုင်ကနေပြီး ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးရဲ့ ဦးဆောင်မှုနဲ့ လေးကေ့ကော်မြို့သစ်ကို တည်ဆောက်နေပါတယ်။ စစ်ကြောင့်အိမ်ခြေမဲ့ခဲ့ရသူတွေ၊ ကေအန်ယူစစ်သည်တွေနဲ့ ဒုက္ခိတတွေအတွက် အဓိက ရည်ရွယ်တဲ့ ဒီမြို့သစ်မှာ လက်ရှိ တန်ဘိုးနည်းအိမ်ရာ ၂၀၀ ကျော်ကို တည်ဆောက်ပြီးစီး သွားပြီဖြစ်ပြီး နောက်ထပ် ၂၀၀ ကျော်ကိုလည်း ဆက်လက်တည်ဆောက်ဖို့ရှိနေတယ်လို့ ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးရဲ့ လုံခြုံရေးအရာရရှိ ဗိုလ်မှူး စောရန်နိုင်က ပြောပါတယ်။ “အဲဒီနားမှာရှိခဲ့တဲ့ ဖလူးကြီး၊ ဖလူးလေး၊ ပတ်ဝန်းကျင်နဲ့ အဲဒီတ၀ိုက်မှာ နေထိုင်ကြတဲ့ ပြည်တွင်း အိုင်ဒီပီတွေကို နေရာချထားဖို့ရည်ရွယ်ပြီးတော့ ကျနော်တို့ အဲဒီမြို့သစ်ကို တည်ထောင်ရခြင်း ဖြစ်တယ်။ နောက်ဒေါနအရှေ့ခြမ်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျနော်တို့တပ်ဖွဲ့ မိသားစုတွေ ရယ်၊ စစ်ဘေးစစ်ဒဏ်ကြောင့် ဒုက္ခိတဖြစ်သွားတဲ့၊ မသန်မစွမ်းဖြစ်သွားတဲ့သူ၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့သူတွေကို ပြန်ပြီးတော့ နေရာချထား ပေးဖို့အတွက်ရည်ရွယ်ပြီးတော့ ကျနော်တို့ အကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်တယ်။” ဒီအိမ်တွေမှာ လာရောက်နေထိုင်တဲ့သူတွေအနေနဲ့ အခကြေးငွေပေးစရာလိုဘဲ အခမဲ့နေထိုင်ခွင့် ရမှာဖြစ်ပြီး အစားအသောက်အတွက် အခက်အခဲရှိနေသူတွေကိုပါ အစားအသောက်ကူညီ ပေးတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံနယ်စပ် အုန်းဖြန်ဒုက္ခသည်စခန်းကနေ နေရပ်ပြန်ပြီး လေးကေ့ကော်မြို့သစ်မှာ ၃ လလောက် ပြန်လည်နေထိုင်တဲ့ စောနိုင်နိုင်က “ နေရာပြန်ဆင်ပေးတာဟာ အရမ်းကို ကောင်းပါ တယ်။ ကျနော်တို့ ပြည်တွင်းမှာ ချောချောမွေ့မွေ့ပြန်လာနေရတယ်။ သွားလာတဲ့အခါမှာလည်း လွတ်လွတ် လပ်လပ်ပဲ။ နောက်ပြောရရင် ကိုယ့်အိမ်ကိုယ့်ရာနဲ့နေရာတာပေါ့။ အရင်က ဒုက္ခသည်စခန်းမှာနေတယ်ဆိုရင် သူများရဲ့ အုပ်ချုပ်မှုအောက်မှာ နေနေရတာလေ။ သွားလာမယ်ဆိုရင် အတားအဆီးတွေနဲ့ လွတ်လွတ်လပ်လပ်သွားလို့မရဘူး။ ပြည်တွင်းမှာ လာတော့ လွပ်လပ်တယ်လို့ ခံစားရပါတယ်”လို့ပြောပါတယ်။ လေးကေ့ကော်မြို့သစ်ကို ၂၀၁၅ ဖေဖော်ဝါရီလမှာ စတင်တည်ထောင်ပြီး စတင်တည် ဆောက်ချိန်မှာ အစိုးရရဲ့ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာန(နတလ)ရဲ့ ဘက်ဂျက်တချို့၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနရဲ့ ဘက်ဂျက်တချို့ပါဝင်သလို လျှပ်စစ်၊ ပညာရေးနဲ့ ဆောက်လုပ်ရေးဌာနတွေနဲ့ ကေအန်ယူက ဘက်ဂျက်တချို့နဲ့ပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်တာလို့သိရပါတယ်။ ၂၀၁၆ - ၁၇ ဘက်ဂျက်အတွက်ကတော့ ဂျပန် နီပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ နောက်ထပ် အိမ်အလုံး ၂၀၀ ဒီနှစ်အတွင်းတည်ဆောက်ဖို့ရှိနေပြီး ဆန္ဒအလျောက် နေထိုင်လိုတဲ့ အိမ်ရာမဲ့ပြည်သူတွေအတွက် စိစစ်ပြီးနေရာချပေးသွားမယ်လို့ ဗိုလ်မှူး စောရန်နိုင်က ပြောပါတယ်။ “ဒီဒေသမှာ စစ်ဘေးစစ်ဒဏ်ကြောင့် ပြေးလွှားပုန်းရှောင်ပြီး နေစရာမရှိ ဒုက္ခရောက်နေတဲ့ လူတွေ အားလုံးကို ကျနော်တို့က ပြန်လည်စိစစ်ပြီးတော့ လက်ခံတယ်။ အားလုံးကို အိမ်ထောက်ပံ့ပေးနိုင်ခြင်းမရှိတဲ့အပေါ်မှာတော့ ကျနော်တို့အိမ်ပေးတဲ့ နေရာမှာတော့ ဦးစားပေး အဆင့်လေးတွေသတ်မှတ်ပြီးတော့ ခွဲပေးတာတော့ရှိတယ်။ ဒါပေမယ့် အိမ်မရပေမယ့် ခြံကိုတော့ ကျနော်တို့ပေးတယ်။ သူ့ဘာသူ ဆောက်နေရတဲ့ဟာမျိုးတွေလည်း ရှိတာပေါ့။ ” KNU လက်အောက်ခံ ဒူးပလာယာခရိုင်အတွင်း လေးကေ့ကော်မြို့သစ်အပြင် မြိုင်သာယာ၊ ဇီးပင်၊ မယ့်ကသာ၊ စက်က၀က် နဲ့ ပဟီးကလော် ဆိုတဲ့နေရာတွေမှာလည်း တန်ဖိုးနည်းအိမ်ရာတွေကို တည်ဆောက်နေပါတယ်။ ကေအန်ယူလက်အောက်ခံ တပ်မဟာ ၆ အပြင်၊ တပ်မဟာ ၄၊ တပ်မဟာ ၁ နဲ့ တပ်မဟာ ၇ နယ်မြေတွေမှာလည်း အိမ်မဲ့ရာမဲ့တွေအတွက် အလားတူ အိမ်ရာတွေ တည်ဆောက်ပေးမှုတွေ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024