စက်မှုထိပ်သီး ၇ နိုင်ငံ စတင်ဆွေးနွေး

စက်မှုဖွံ့ဖြိုးပြီး ၇ နိုင်ငံရဲ့ (G-7) ထိပ်သီးဆွေးနွေးပွဲကို ဂျပန်နိုင်ငံအလယ်ပိုင်း အိစဲရှီးမားက မှာ ဒီကနေ့မနက်စတင်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်းဇိုးအာဘဲက ဒီထိပ်သီးဆွေးနွေးပွဲကနေ ကမ္ဘာ့စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ကြမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကား ထုတ်ပြန်ဖို့ သူလိုလားတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။
၂ ရက်ကြာအစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ်က သဘာပတိတာဝန်ယူပြီး ကမ္ဘာ့စီးပွားရေးနဲ့ဆိုင်တဲ့ အရေးကိစ္စကို ဦးစားပေးဆွေးနွေးမယ်လို့ ဆိုပါတယ်။
ဆွေးနွေးမယ့် ခေါင်းစဉ်တွေကတော့ ကမ္ဘာ့စီးပွားရေး တိုးတက်ရေး၊ အကြမ်းဖက်ဝါဒ၊ ပြောင်းရွှေ့အခြေချမှု ပြဿနာ၊ အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ရေး ကိစ္စတွေနဲ့ ဆီးရီးယားနဲ့ တောင်တရုတ်ပင်လယ်ရဲ့ ဒေသတွင်း အခြေအနေတွေပဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံထုတ်သတင်းတွေမှာတော့ ဒီထိပ်သီးဆွေးနွေးပွဲမှာ တောင်တရုတ်ပင်လယ်အ တွင်းမှာ တရုတ်နိုင်ငံက ကျွန်းတွေဆောက်လုပ်နေမှုနဲ့ စစ်စခန်းတွေထားရှိလာမှုကို အလေးအနက် ဆွေးနွေးကြဖို့ရှိတယ်လို့ ဖော်ပြကြပါတယ်။
ထိပ်သီး အစည်းအဝေးကာလမှာ ရဲတပ်ဖွဲ့ဝင်အမြောက်အမြားချထားပြီး အထူးသဖြင့် အစည်းအဝေး ကျင်းပမယ့်နေရာနဲ့ မနက်ဖြန် အမေရိကန် သမ္မတ ဘာရက် အိုဘားမား သွားရောက်မယ့် ဟီရိုရှီးမားမြို့တွေကို ထိပ်တန်း ဦးစားပေးချထားတယ်လို ဂျပန်သတင်းတွေက ရေးပါတယ်။
ထိပ်သီးခေါင်းဆောင်တွေဟာ မေလ ၂၅ ရက်နေ့က ဂျပန်နိုင်ငံကို ရောက်ရှိကြပါတယ်။ မနေ့ညကတော့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲနဲ့ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းတို့ ၃၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးကြပြီး နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့အတွက် ကျယ်ပြန့်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ အရေးပါမှုကို အတည်ပြုခဲ့ကြပါတယ်။
သူတို့နှစ်ဦးက နိုင်ငံရေး၊ လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နျူကလီးယားစွမ်းအင်နည်းပညာတွေ အပါအ၀င် ကျယ်ပြန့်တဲ့အကြောင်းအရာတွေပေါ်မှာ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာအားကောင်းစေလိမ့်မယ်လို့ အတည်ပြုခဲ့ကြပါတယ်။
ဒါ့အပြင် အကြီးစားကုန်သွယ်ရေးသဘောတူညီချက်တွေကို မြှင့်တင်ရေးအတွက် ဂျပန်နဲ့ အီးယူနဲ့ ပစိဖိတ်လွန်အကျိုးတူပူးပေါင်းဆောင်ရွက် မှုဆိုင်ရာသဘောတူညီချက်တွေအပါအ၀င် အပြုသဘောဆောင်တဲ့ သတင်းစကားတွေကို အစည်းအဝေးမှာတင်ပြကြဖို့ သဘောတူကြပါတယ်။
ဂျပန်နဲ့ အီးယူအကြား စီးပွားရေးမိတ်ဖက်သဘောတူညီချက် ဆောလျင်စွာရဖို့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြပါတယ်။