Home
မြန်မာသတင်း
တပ်မတော် သဘောထားကြောင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်ရန် အခက်အခဲဖြစ်
မျိုးဇော်လင်း
·
May 26, 2016
အန်စီအေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ထားတဲ့  တပ်မတော်ရဲ့ သဘောထားက အားလုံးပါဝင်ရေး ကြိုးစားနေမှုကို အခက်အခဲ ဖြစ်စေတယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်ရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ကိုးကန့်တပ်မတော်၊ ရက္ခိုင်တပ်မတော်၊ တအာင်းပလောင်တပ်မတော် သုံးဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးမည် မဟုတ်ဘဲ လက်နက်စွန့်ဖို့သာ တပ်မတော်အကြီးအကဲတွေက မေလ ၁၃ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တဲ့အပေါ် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်က ပြောဆိုလိုက်တာပါ။ “ဒီသုံးဖွဲ့ ကျန်နေတဲ့အတွက် အားလုံးပါဝင်ဖို့မဖြစ်လို့ အခု အန်စီအေ ဆွေးနွေးပွဲက အောင်အောင်မြင်မြင် မဖြစ်လိုက်ဘူးပေါ့နော်။ တချို့ပါတယ်၊ တချို့မပါဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ အားလုံးပါဝင်လာအောင် အတူတူ ၀ိုင်းကြိုးစားရမယ့်အချိန်မှာ အခုလိုမျိုး ထပ်ပြီးတော့ ထုတ်ပြောလာတဲ့ အခါကျတော့ အားလုံးပါဝင်ဖို့ ပြန်ပြီး ကြိုးစားနေတဲ့ အဖွဲ့ပေါ့။ လက်မှတ်ထိုးပြီးသွားတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ်၊ မထိုးရသေးတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ်၊ ပြီးတော့ ကျမတို့စဉ်းစားတာ နောက်အစိုးရသစ်အတွက်ပဲ ဖြစ်ဖြစ်ပေါ့နော်။ ဒါဟာ လာပြီးတော့ အခက်အခဲဖြစ်စေတယ်။ ကျမတို့က ဒီအချိန်မှာကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စကားပြောရဦးမယ်။ သူတို့ရဲ့ သဘောထားတွေကို သေချာ ပိုသိအောင် လုပ်ရမယ်။ ပြီးရင် သူတို့ကို တွေ့ဆုံဆွေးနွေးရေး အတွက်ကတော့ အမြဲတမ်း တောင်းဆိုနေရမယ်၊ အမြဲတမ်းပြောနေရမယ်။” အန်စီအေ သဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ မေလ ၂၇ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) အစည်းအဝေးတက်ရောက်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိနေတာပါ။ မြန်မာ့တပ်မတော်ရဲ့ သဘောထားဟာ ပြည်တွင်းစစ် ဆက်လက်တောက်လောင်စေမယ့် ငြိမ်းချမ်းရေးမူသာ ဖြစ်တဲ့အတွက် ကန့်ကွက်ကြောင်း ကိုးကန့်တပ်မတော်၊ ရက္ခိုင်တပ်မတော်၊ တအာင်းပလောင် တပ်မတော် သုံးဖွဲ့ကလည်း  မေလ ၂၁ ရက်နေ့က  ပူးတွဲထုတ်ပြန်ချက်ထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ “အခြားနည်းလမ်းကတော့ မမြင်ဘူး။ အဲဒါကတော့ အဓိက ဒီလို တပ်မတော်က အသိအမှတ်မပြုဘူးဆိုရင် အစိုးရမှာ တာဝန်ရှိပါတယ်။ အစိုးရကနေပြီးတော့ ကြားဝင်ညှိနှိုင်းပြီးတော့ ဒါကို ဘယ်လိုဖြေရှင်းလို့ရမလဲ။ ဒါ အစိုးရမှာ ပိုတာဝန်ရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ကတော့ ဘ၀တူဖြစ်တာကလွဲလို့ ကျနော်တို့မှာ ဒီလို ဆုံးဖြတ်ပေးနိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ တခုရှိတာ ကျနော်တို့ကတော့ ပံ့ပိုးတဲ့ အင်အားစုအနေနဲ့ပဲ ရှိပါတယ်။ အဲဒီတော့ အဓိကရှိတာတော့ တပ်မတော်က အဲလိုသဘောထားရှိတယ်ဆိုရင် အခုရှိတဲ့အစိုးရအနေနဲ့ ကြားဝင်ဆောင်ရွက်ပြီးတော့ ဒီအကျပ်အတည်းကို ထွက်ပေါက်ရအောင် အစိုးရမှာ ပိုတာဝန်ရှိပါတယ်” လို့ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။ ယူပီဒီဂျေစီ အဖွဲ့ဝင်တွေဟာ နေပြည်တော်မှာပြုလုပ်မယ့် အစည်းအဝေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးတခုကို မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဂရင်းဟေးဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024