ပုဂ္ဂလိကကုမ္ပဏီ မှတ်ပုံတင်ကြေး တ၀က်လျော့ချသတ်မှတ်

ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတွေအတွက် မှတ်ပုံတင်ကြေးတွေကို ၂ဝ၁၆ ဇွန်လ ၁ ရက်နေ့မှစပြီး တ၀က် လျော့ချသတ်မှတ်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းမှတ်ပုံတင်ကြေးတွေကို ပြင်ဆင်သတ်မှတ်ရာမှာ အရင်က အများနဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအတွက် မှတ်ပုံတင်ကြေးကို မူလက ကျပ် ၁၀ သိန်း သတ်မှတ်ထားရာက ကျပ် ၅ သိန်း လျော့ချသတ်မှတ်လိုက်တာပါ။
ဒါ့အပြင် သက်တမ်းတိုး မှတ်ပုံတင်ကြေးကိုလည်း အရင် ကျပ် ၅ သိန်းကနေ အခု ၃ သိန်း လျော့ပေးလိုက်ပါတယ်။
ဒါပေမယ့် အများနဲ့သက်ဆိုင်တဲ့ အများပိုင်ကုမ္ပဏီတွေ ဖွဲ့စည်းခြင်းအတွက်တော့ မှတ်ပုံတင်ကြေးကို မူလက ကျပ်ငွေ ၁၀ သိန်း သတ်မှတ်ထားရာကနေ ကျပ် ၂၅ သိန်း အထိတိုးမြှင့်လိုက်ပါတယ်။
ဒါ့အပြင် လိပ်စာပြောင်း၊ အစုရှယ်ယာပြောင်း၊ အမည်ပြောင်း၊ လုပ်ငန်းတိုးနဲ့ စာရွက်စာတမ်း မိတ္တူကူးခတွေကိုလည်း တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေ၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို ကုမ္ပဏီအဖြစ် ထူထောင်မှတ်ပုံတင် ဆောင်ရွက်လာစေဖို့နဲ့ အများနှင့် သက်ဆိုင်တဲ့ ကုမ္ပဏီတွေ ဖွဲ့စည်းတည်ထောင်ရာမှာ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မယ့် ကုမ္ပဏီတွေ ပေါ်ထွန်းရေးကို ရှေးရှုပြီး လုပ်ဆောင်တာလို့ အဆိုပါ ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လုပ်ငန်းတွေ စတင်ထူထောင်ရာမှာ လွယ်ကူချောမွေ့စေဖို့ ဖြေလျော့ဆောင်ရွက်ပေး နေတယ်လို့ လည်း ဆိုပါတယ်။