Home
ဆောင်းပါး
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ - ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ
DVB
·
May 25, 2016
နိုင်ငံတနိုင်ငံဟာ နှစ်ပေါင်း ၅၀ မပြည့်သေးခင် ကမ္ဘာအဆင့်မှီခေါင်းဆောင်ကောင်း နှစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့် ရတယ်၊ နှစ်ခါပြန်ကံကောင်းတယ်ဆိုတာ အင်မတန် ကြုံတောင့်ကြုံခဲဖြစ်စဉ်တခုပါ။ မြန်မာနိုင်ငံရဲ့သမိုင်းကို လေ့လာလိုက်ရင် တနိုင်ငံလုံးကို စုရုံးသိမ်းသွင်းနိုင်တဲ့အပြင် စွမ်းဆောင်ရည် မြင့်မားပြီး အိမ်နီးချင်းနိုင်ငံတွေကပါ ခန့်ညား လေးစားရတဲ့ ခေါင်းဆောင်မျိုးပေါ်ထွန်းဖို့ဆိုတာ နှစ်ပေါင်း ရာချီ ထောင်ချီကြာမှ ပေါ်ထွန်း လာတတ်တာပါ။ အားလုံးသိကြတဲ့အတိုင်း အသက်အရွယ်အားဖြင့် ငယ်ပေမဲ့လည်း စွမ်းဆောင်ရည် ထက်မြက်တဲ့အပြင် ရိုးသားပြီး သတ္တိရှိတာမို့ ကမ္ဘာနိုင်ငံရေးခေါင်းဆောင်တွေကတောင် လေးစား အသိအမှတ်ပြုကြရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံဟာ တိုင်းတပါးကျွန်ဘ၀က လွတ်မြောက်ခဲ့ရပေမဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ မသမာသူတွေရဲ့ လုပ်ကြံမှုခံခဲ့ရတာမို့ နိုင်ငံအတွက်ကြီးစွာ ဆုံးရှုံနစ်နာခဲ့ရတယ်။ ဒါပေမယ့်လည်း အလွန်ကံကောင်းထောက်မစွာနဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းရာချီထောင်ချီ စောင့်ဆိုင်းစရာ မလိုဘဲ  ဗိုလ်ချုပ်ကို ဆုံးရှုံးခဲ့တာ ၄၁ နှစ်ကြာပြီးတဲ့နောက် နာမည်ကျော် ၈ လေးလုံး အရေးတော်ပုံကြီးနဲ့အတူ ၁၉၈၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်လို့ အမည်ရှိတဲ့ ကမ္ဘာအဆင့်မှီခေါင်းဆောင် ကောင်းတယောက်ကို ထပ်မံ ရလိုက်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကံဇာတာတက်ချိန် ရောက်နေလို့သာ ဒီလို ရှားပါးတဲ့ ခေါင်းဆောင် နှစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့် ရလိုက်တာလို့ ပြောနိုင်သလို သမိုင်းတပတ် ပြန်လည် လာတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့သမိုင်းကို လေ့လာကြည့်လိုက်မယ်ဆိုရင် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးအချိန်က နိုင်ငံရေးအခြေအနေနဲ့ ဒီကနေ မြန်မာနိုင်ငံရောက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအခြေအနေဟာ အသွင်တူဆင်တူမှုတွေ ရှိနေလို့ပါဘဲ။ ပထမအချက်တူနေတာကတော့ ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဟာ သယံဇာတတွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကို လုံးဝလွတ်လပ်ရေးပေးဖို့ မရည်ရွယ်သလို မြန်မာစစ်အာဏာရှင် အုပ်စုဟာလည်း နိုင်ငံတကာစံရည်စံညွှန်းနဲ့ ညီတဲ့ ဒီမိုကရေစီအစစ်ကို ပေးဖို့ မရည်ရွယ်တာချင်း ဆင်တူပါတယ်။ ကိုလိုနီနယ်ချဲ့အစိုးရဟာ အဆီတထပ်အသားတထပ် ဆူဖြိုးလှတဲ့ မြန်မာနိုင်ငံကို လက်လွှတ်မခံချင်တာမို့ ဗြိတိသျှဓနသဟာယ လက်အောက်က အစောင့်ရှောက်ခံနိုင်ငံအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ ပေးလို့ရသလောက်ဆက်ပြီး ဂုတ်သွေးစုပ် အမြတ်ထုတ်လိုတာပါ။   အဲဒီလိုဘဲ အာဏာနဲ့ အခွင့်ထူးခံခွင့် အရသာကိုသိနေတာမို့  မပြောင်းလဲလိုတဲ့ မြန်မာစစ်အာဏာရှင်အုပ်စုဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအမည်ခံပြီး သူတို့ လုယူပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေကို လက်မလွှတ်ရအောင် ရသလောက်ကုတ်ကပ်ပြီး သူတို့ခွင့်ပြုသလောက်ဘောင်အတွင်းက ဒီမိုကရေစီလေး စွန့်ကြဲလိုသလောက် ကျေးဇူးပါ အဆစ်အတင်ခံချင်သေးတာပါ။ ဒုတိယဆင်တူတဲ့အချက်က ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရနဲ့ မြန်မာစစ်အာဏာရှင်တွေထံက သူတို့ မပေးချင်တဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို အရယူနိုင်ဖို့ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးကို မှန်ကန်တဲ့နိုင်ငံရေးဦးဆောင်မှုပေးခဲ့တဲ့ခေါင်းဆောင်တယောက်စီနဲ့ ခိုင်မာတဲ့ အဖွဲ့အစည်းတရပ်စီဖြစ်တည်နေတဲ့အချက်ပါဘဲ။ ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရကို ရင်ဆိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလအဖွဲ့ချုပ် ဖြစ်တည်လာခဲ့သလို၊ မြန်မာစစ်အာဏာရှင်တွေကို ရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်တည်လာတာချင်း ဆင်တူနေတာ မဟုတ်လား။ တတိယဆင်တူတဲ့အချက်က ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးရအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းကြရာမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မတည်ဆောက်နိုင်အောင် ရာထူးအာဏာ အခွင့်အရေးတွေ ခွဲခြားပေးပြီး လူမျိုးရေးကို အသုံးပြုပြီး သွေးခွဲခဲ့သလို မြန်မာစစ်အာဏာရှင်တွေလည်း ရာထူးအာဏာ အခွင့်အရေးတွေနဲ့မျှားယုံမက လူမျိုးရေး၊ ဘာသာရေးကိစ္စတွေနဲ့ ဆွပေးပြီး သွေးခွဲခဲ့တာချင်း တူပါတယ်။ ဗြိတိသျှကိုလိုနီအစိုးရက တောင်တန်းဒေသတွေက တိုင်းရင်းသားခေါင်းဆောင်တချို့ကို ပြည်မနဲ့အတူ လွတ်လပ်ရေးမယူဖို့ သွေးထိုးလှုံဆော်ခဲ့သလို မျိုးချစ်ပါတီကို တည်ထောင်ခဲ့တဲ့ အမျိုးသားရေး အရည်ခြုံ ဂဠုန်ဦးစောတို့လို အာဏာငန်းဖမ်းနေသူတွေကိုလည်း ရာထူးနဲ့ မျှားပြီး သွေးခွဲစည်းရုံးခဲ့တယ်။ ထို့အတူဘဲ မြန်မာစစ်အာဏာရှင်တွေထဲက မပြောင်းလဲလိုသူတွေဟာ ဘင်ဂါလီကိစ္စ၊ ဘာသာရေးကိစ္စတွေ အသုံးပြုပြီး တိုင်းရင်းသားပြည်သူတွေကြား လူမျိုးခြား မုန်းတီးမှု၊ ဘာသာခြားမုန်းတီးမှုတွေ ကြီးထွားသထက်ကြီးထွားလာအောင် အမုန်းတရားတွေ ဖြန့်ဝေ သွေးခွဲ မီးထိုးနေခဲ့ကြတာ အခုထိတိုင်အောင် အထင်အရှားမြင်နိုင်ပါသေးတယ်။ စတုတ္ထဆင်တူတဲ့အချက်က သူတို့ဘယ်လောက်ပဲ အားကြိုးမာန်တက် သွေးခွဲခဲ့ကြပေမယ့် တိုင်းရင်းသားပြည်သူအများစုဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလအဖွဲ့ချုပ်နောက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ကြသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နောက်မှာ ပြည်သူလူထု အများစုက ပြတ်ပြတ်သားသား ထောက်ခံခဲ့တယ်ဆိုတဲ့အချက်ပါဘဲ။ ပဉ္စမမြောက်ဆင်တူတဲ့အချက်က ရှေးအတီအတေကထဲက မိခင်ဧရာဝတီရဲ့ရင်ခွင်မှာ တမြေထဲအတူနေတရေထဲအတူသောက်ခဲ့ကြတဲ့သွေးချင်းသားရင်းတိုင်းရင်းသားညီနောင်အားလုံးရဲ့ စည်းလုံးညီညွတ်ရေးကို ပြသဖို့ ပင်လုံညီလာခံကြီးကိုခေါ်ယူရတဲ့အချက်ပါဘဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလထဲမှာ အောင်ဆန်းအက်တလီစာချုပ်ကို လန်ဒန်မှာ ချုပ်ဆိုပြီး မြန်မာနိုင်ငံကို ပြန်ရောက်တာနဲ့ ပင်လုံညီလာခံကို တလ၀န်းကျင်လေး အတွင်းမှာ ကျင်းပနိုင်အောင် အစွမ်းကုန် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ထို့အတူဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုအများစုရဲ့ ရွေးချယ်မှုနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ ပြီးခဲ့တဲ့ဧပြီလဆန်းကမှ အစိုးရဖွဲ့ခွင့်ရပြီးတာနဲ့ ရာစုနှစ်ဝက်ကျော် တောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးကြီးကို အပြီးတိုင်ငြိမ်းသတ်နိုင်ဖို့ ၂၁ ရာစု ပင်လုံညီလာခံကို တလ၊ နှစ်လအတွင်း ခေါ်ယူ ကျင်းပနိုင်ဖို့ အားစိုက်လုံးပမ်းနေခဲ့တာ လူတိုင်းမြင်နေကြရပါတယ်။ လူသားတွေရဲ့ ဖွံ့ဖြိုးမှုသမိုင်းစဉ်တလျှောက်လုံးမှာ ဓမ္မနဲ့ အဓမ္မ၊ တရားမှုနဲ့ မတရားမှုတွေဟာ အမြဲဒွန်တွဲရင်း သူတပြန် ကိုယ်တပြန် အသာစီးရလေ့ ရှိပါတယ်။ ကံဇာတာ နိမ့်ကျခဲ့လို့ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ ကျွန်သဘောက်ဘ၀နဲ့ ဖက်ဆစ်ဂျပန်လက်အောက်မှာ နှစ်ပေါင်း ၁၀၀ ကျော် ပင်ပန်း ဆင်းရဲကြီးစွာ ငရဲခံခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ ကံဇာတာပြန်တက်လာချိန် ရောက်လာတော့ အသိဥာဏ်မြင့်မားပြီး ရိုးသားရဲရင့်ယုံမက ကိုယ်ကျင့်သီလကောင်းမွန်လှတဲ့ ခေါင်းဆောင်ကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု အောက်မှာ တိုင်းသူပြည်သားတွေကို ဗြိတိသျှကိုလိုနီနယ်ချဲ့တွေနဲ့ ဖက်ဆစ်ဂျပန်တွေရဲ့ တပါးကျွန်ဘ၀က လွတ်မြောက်စေပြီး လွတ်လပ်တဲ့နိုင်ငံဘ၀ကို ပိုင်ဆိုင်စေခဲ့တာမဟုတ်လား။ အသိဥာဏ်ပညာနဲ့ ကိုယ်ကျင့်သီလ ဦးစီးနေတာမို့ သွေးတိတ်စေတတ်တဲ့ အဆင့်မြင့်စစ်ရေးအမြင် လွှမ်းခြုံလာတဲ့အခါ ပြည်သူအများကိုယ်စိတ် နှစ်ပါး အေးငြိမ်းခွင့်ကြုံခဲ့ရတာ သမိုင်းက သက်သေခံနေပါတယ်။ ဒါပေမဲ့လည်း ကံဇာတာနောက်တခါ ထပ်လို့ ညိုးမှိန်ပြန်တော့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်းနဲ့အတူ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတွေပြိုကွဲပြီး ကိုယ်ကျင့်သီလချို့ယွင်းပြီး အတ္တကြီးမားသူတွေလက်ထဲကို လက်နက်နဲ့ အာဏာရောက်သွားခဲ့ပြန်တော့ သွေးထွက်စေ တတ်တဲ့ အဆင့်နိမ့်စစ်ရေးအမြင်သာ ကြီးစိုးလာတာမို့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ငရဲတွင်းကြီးထဲ သက်ဆင်းခဲ့ရတာ မဟုတ်လား။။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း လက်အောက်ကို ရောက်ရှိချိန်ကစလို့ နိုင်ငံကို အဆင့်နိမ့်စစ်ရေးအမြင်နဲ့ အုပ်ချုပ်ခဲ့တော့ တိုင်းရင်းသားရဟန်းရှင်လူမိဘပြည်သူနဲ့ ကျောင်းသားတွေကို အကြိမ်ကြိမ်သွေးချောင်းစီး သတ်ဖြတ်လို့ နှိပ်စက်ညှင်းပမ်းဗိုလ်ကျခဲ့တဲ့သမိုင်းဟာ အထင်အရှား ကမ္ဗည်း ထွင်ရစ်ခဲ့တာ မဟုတ်လား။ အခုချိန်မှာတော့ ကျနော်တို့နိုင်ငံဟာ ကံဇာတာထွန်းတောက်ချိန်ပြန်ရောက်လာလို့  အမှန်တရားနဲ့ ဓမ္မ ဘက်တော်သားတွေ တဖြည်းဖြည်း အားကောင်း လွှမ်းမိုးခွင့်ကြုံလာပြန်ပါပြီ။ ဒီတခေါက်ပြန်ရလာတဲ့ ကြုံတောင့် ကြုံခဲအခွင့်အရေးကို လုံးဝလက်လွှတ်မခံသင့်ပါဘူး။ နှစ်ပေါင်းရာထောင်ချီမှာ ပေါ်ထွန်းလာတတ်တဲ့ ခေါင်းဆောင်ကောင်းရဲ့ ထက်မြက်တဲ့ ဦးဆောင်မှုနဲ့ လူသူအများ ကြည်ညိုလေးစားနာခံမှု ကမ္ဘာ့အလယ် ထင်ပေါ်ကျော်ကြားမှုစတဲ့ ဂုဏ်အရည်အသွေးတွေကို နိုင်ငံအကျိုးနဲ့ လူထုအကျိုးအတွက် မှန်မှန်ကန်ကန် အသုံးချလို့ ပြည်တွင်းစစ်မီးတောက်ကြီးကို အကြွင်းမဲ့ ငြိမ်းသတ်ကြဖို့၊ ထာဝရငြိမ်းချမ်းရေး စိန်သားကျောက်ဆိုင် မော်ကွန်းတိုင်ကြီးကို ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းစိုက်ထူကြဖို့ လေးနက်စွာ မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဦးစီးတဲ့နိုင်ငံရေးနဲ့ သွေးတိတ်စေတတ်တဲ့အဆင့်မြင့်စစ်ရေးအမြင်တွေ ထွန်းကား ကြံ့ခိုင်လာအောင် စုပေါင်းလက်တွဲ ပျိုးထောင်လုပ်ဆောင်ရမယ့် အချိန်အခါကောင်း ရောက်လို့နေပါပြီ။ မင်းကောင်းချစ် မေလ (၁၇) ရက်နေ့ ၂၀၁၆ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024