ကင်ညာရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကို ပိတ်ရန် စီစဉ်

639
ကင်ညာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကို ဒီနှစ်ထဲမှာ ပိတ်ဖို့ စီစဉ်နေတယ်လို့ ဒုတိယသမ္မတ ၀ီလီယံ ရတ္တိုက ပြောပါတယ်။
ဒုက္ခသည်စခန်းထဲမှာ ဆိုမာလီ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတာပါ။
ကင်ညာမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှု ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီးနောက် ဒုက္ခသည်စခန်းဟာ လုံခြုံရေးအတွက် စိုးရိမ်စရာနေရာ ဖြစ်နေတယ်လို့ ဒုတိယသမ္မတက မေလ ၂၃ ရက်နေ့မှာ ပြောပါတယ်။
ဆိုမာလီ ဒုက္ခသည် ၃ သိန်းခွဲလောက် မူရင်းနိုင်ငံဆီ ပြန်ပို့ခံရမယ့် အရေးကို ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက စိုးရိမ်နေပါတယ်။
တချို့ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းထဲမှာ ရောက်နေတာ ဆယ်စုနှစ်တွေ ချီနေပြီး သူတို့ကို နေရပ်ပြန်ပို့မယ်ဆိုရင် နိုင်ငံတကာဝတ္တရား ပျက်ကွက်ရာ ရောက်မယ်လို့ သတိပေးနေကြပါတယ်။
ဒါပေမယ့် ကင်ညာ ဒုတိယသမ္မတကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းကနေ အခုအထိ ဆိုမာလီနိုင်ငံ မင်းမဲ့တိုင်းပြည် ဖြစ်နေတာဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ တာဝန်ပျက်ကွက်မှုဖြစ်ပြီး ကင်ညာနိုင်ငံနဲ့ ဘာမှ မပတ်သက်ဘူးလို့ ချေပ ပြောဆိုပါတယ်။
အခု ပိတ်ဖို့ရည်ရွယ်နေတဲ့ ဒါဒတ် ဒုက္ခသည်စခန်းအတွက် ကင်ညာနိုင်ငံက ၂၅ နှစ်အတွင်း ဒေါ်လာ ၇ ဘီလီယံလောက် အကုန်ကျ ခံခဲ့ပြီးပြီလို့လည်း ပြောပါတယ်။
ကင်ညာမှာ ၂၀၁၃ ခုနှစ်က ၀က်ဂိတ် ဈေးဝယ်ကုန်တိုက် တိုက်ခိုက်မှု၊ ၂၀၁၅ ခုနှစ်က ဂါရစ်စာ တက္ကသိုလ်ဝင်းမှာ အစုလိုက်အပြုံလိုက် တိုက်ခိုက်ခံရမှုတွေ ဖြစ်ခဲ့တာကို ထောက်ပြပြီး လုံခြုံရေး ပြဿနာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။