Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို ၃ ရက်ခရီး သွားရောက်
DVB
·
May 25, 2016
မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့ မေလ ၂၅ ရက်က ထိုင်းနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေးခရီးလာရောက်တယ်လို့ ဘန်ကောက်ပို့စ် ထိုင်းသတင်းစာမှာ ဖော်ပြပါတယ်။ ဒီခရီးစဉ်မှာ ဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရိမ် တင်ဆူလန်ဒါ၊ ထိုင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွမ်မိုင်ခိုတီယာနဲ့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေ အပြင် ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာနဲ့လည်း တွေ့ဆုံဆွေးဖို့ ရှိနေတယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာတွေမှာ စစ်တပ် ရဲ့ အခန်းကဏ္ဍကို ထင်ရှားစေမှာဖြစ်တယ်လို့ နရဲစွန်တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ၀ီရတ် နီယွမ်တမ်ကပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အနောက်နိုင်ငံတွေနဲ့ နီးနီးကပ်ရှိနေတာမြင်ရချိန်မှာ စစ်တပ်က အာဆီယံနိုင်ငံတွေက စစ်တပ်တွေနဲ့ ချစ်ကြည်ရင်းနှီးမှု အားကောင်းအောင်လုပ်ဆောင်တာလို့လည်း ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး လည်ပတ်ဖို့ သွားရောက်တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လူမှုကွန်ရက်သတင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဇနီး ဒေါ်ကြူကြူလှနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်အရာရှိကြီးတွေ လိုက်ပါသွား တယ်လို့ ဆိုပါတယ်။ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရင်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်ကလည်း ထိုင်းနိုင်ငံကို လာရောက်ခဲ့ဖူးပြီး အန်အယ်လ်ဒီ အစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024