တာလီဘန်ခေါင်းဆောင်သစ် ကြေညာ
အမေရိကန်ပြည်ထောင်စုရဲ့ မောင်းသူမဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ခေါင်းဆောင် မူလာအာတာ မန်ဆိုး နေရာကို အစားထိုးဖို့ ခေါင်းဆောင်သစ်ကို ကြေညာလိုက်ပါတယ်။
ခေါင်းဆောင်ဟောင်းဟာ သေဆုံးသွားပြီဆိုတာကို တာလီဘန်တို့က အတည်ပြုခဲ့ပြီးနောက် မော်လာဝီ ဟိုင်ဘာတူလာ အာဟွန်ဇာဒါကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
မော်လာဝီဟာ ဘာသာရေး ပညာရှင်တဦးဖြစ်ပြီး တာလီဘန်တရားရုံးရဲ့ အကြီးအကဲဟောင်း ဖြစ်ကာ အာဖဂန်တာလီဘန် လက်ထောက် ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
အသက် ၄၅ နဲ့ ၅၀ ကြားရှိပြီဖြစ်ပြီး ဘ၀ရဲ့ အချိန်တော်တော်များများကို အာဖဂန်နစ္စတန်မှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သူရဲ့ပတ်သက်တဲ့ အချက်အလက်ကလည်း အနည်းငယ်ပဲ သိရှိရသလို ဒီအုပ်စုကို ဘယ်လမ်းကြောင်းပေါ် ခေါ်ဆောင်သွားမလဲ မသိရဘူးလို့လည်း သတင်းတွေက ဖော်ပြပါတယ်။
မေ ၂၀ ရက်က ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ခရိုင်မှာ ခေါင်းဆောင်ဟောင်းဟာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။