A d v e r t i s e m e n t With Us

ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ မူးယစ်ဆေးဝါးရောင်းချမှုတွေ ရှိနေပြီး ၂၀၁၆ ဇန်နဝါရီကနေ မေ ၂၄ ရက်အထိ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၂၀ ကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့  စစ်တွေမြို့မရဲစခန်းက ပြောပါတယ်။ ဒုက္ခသည်စခန်းတွေကနေ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ WY ဆေးပြား၊ ဆေးခြောက်၊ မော်ဖိန်း စတာတွေ ပါဝင်တယ်လို့ စစ်တွေမြို့မရဲစခန်း ရဲအုပ်ခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ စစ်တွေမြို့ ရဲစခန်းမှာတော့ ဖမ်းဆီးမှု ၃၄ မှုရှိတယ်။ အဲ့ဒီမှာ ဘင်္ဂါလီ ဒုက္ခသည်စခန်းက မူးယစ်ဆေးဝါးနဲ့ဖမ်းဆီးတာ ၂၀ ကျော်နေပြီ။ ကျားမတရားခံကတော့ ၁၀၀ နီးပါး ရှိနေ ပါပြီ။ ဒုက္ခသည်စခန်းက သုံးချိုးနှစ်ချိုးလောက်ပါနေတယ်။ သူတို့တွေဆီက ဖမ်းမိတာအများဆုံးပဲ။ မူးယစ်ဆေးဝါးလာရာလမ်းကြောင်းက သုံးမျိုးလေးမျိုးရှိတာပေါ့လေ။ အမှုပေါင်း ၂၀ ကျော်က တော့ ဘင်္ဂါလီဒုက္ခသည်နဲ့ ဒေသခံမွတ်စလင်တွေဆီက ဖမ်းမိတာ။” ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချလာမှုတွေ အရင်ကထက်ပိုမို များပြား လာနေပြီး စစ်တွေမြို့ ဘင်္ဂါလီဒုက္ခသည်စခန်းတွေနဲ့ မောင်တောမြို့မှာ အများဆုံး ဖမ်းဆီးရမိခဲ့ တယ်လို့လည်း ရခိုင်ပြည်နယ်ရဲ တပ်ဖွဲ့က ပြောပါတယ်။ မူးယစ်ဆေးဝါးတွေကို ပြည်မကနေ ရခိုင်ပြည်နယ်ကို ရေလမ်းကြောင်းသာမက၊ ကုန်လမ်းကနေ တဆင့် အမ်း၊ တောင်ကုတ်၊ ဂွ၊ သံတွဲ၊ စတဲ့မြို့တွေကနေ ဖြန့်ဖြူးရောင်းချနေတာလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် ရဲမှူးကြီးစိန်လွင်ကတော့ ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ မူးယစ်ဆေးဝါးတွေကို အုပ်စုဖွဲ့ရောင်းချတာတွေ ရှိနေတယ်လို့  မေလ ၁၈ ရက် ဦးဥတ္တမခန်းမကျင်းပတဲ့ ရဲလုပ်ငန်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာပြောပါတယ်။ စစ်တွေမြို့ ဘင်္ဂါလီဒုက္ခသည်စခန်းက လူငယ်တာဝန်ခံ ဦးမောင်မောင်က “ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်စခန်းက မူးယစ်ဆေးဝါးရောင်းတာတွေ မရှိဘူးခင်ဗျ။ ၂၀ ကျော်မှာ ၁ ရာခိုင်နှုန်း လောက်ပဲရှိတာပါ။ ရဲမှူးကြီးက တဖက်သတ်စွပ်စွဲပြီးတော့ ပြောနေတာပါ။ ဒီမှာ ပွဲစားတွေနဲ့ လုပ်နေတာတွေရှိတယ်။ ရဲတွေနဲ့ ပူးပေါင်းပြီးတော့လေ။ ရဲတွေ Informer တွေက ပစ္စည်းတွေဆိုင်ရှေ့မှာ ချပြီးလုပ်ပေးတာတွေရှိပါတယ်”လို့ ပြောပါတယ်။ စစ်တွေမြို့ခံ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးသန်းထွန်းကတော့ ''ဒုက္ခသည်စခန်းက ထွက်လာတဲ့ မူးယစ်ဆေးဝါးတွေဟာ စစ်တွေမြို့ လူငယ်တွေဆီကို ဈေးနှုန်းသက်တောင့်သက်သာနဲ့ တခါတလေ အကြွေးပေးစနစ်နဲ့ ရောင်းနေတယ်လို့ ကြားသိရပါတယ်။ ဒီလိုဒုက္ခသည်စခန်းကနေ မူးယစ်ဆေးဝါးရောင်းနေတာ မကောင်းတဲ့တချက်ရယ်၊ နောက်တချက် ကျနော်တို့ ရခိုင် တိုင်းရင်းသားတွေကို မူးယစ်ဆေးသားကောင်အဖြစ် ဖန်တီးနေကြပြီးလားဆိုတာ သံသယရှိတာ တချက်ရယ် အဲ့ဒီနှစ်ချက်ကို သွားတွေ့တယ်” လို့ပြောပါတယ်။ စစ်တွေမြို့မှာ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်တာကို ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု မရှိသေးတဲ့အကြောင်းနဲ့ စစ်တွေမြို့တွင်း မူးယစ်ဆေးဝါးတွေကို လက်လီရောင်းချနေတဲ့ တချို့ဆိုင်တွေနဲ့ နေရာတွေကို စီမံချက်တခုအနေနဲ့ အရေးယူသင့်တယ်လို့လည်း ပြောပါတယ်။ စစ်တွေမြို့မှာ ၂၀၁၁ ခုမှ ၂၀၁၆ ခုအထိ စိတ်ကြွဆေးပြားနှင့်ဆက်နွှယ်တဲ့  အမှုပေါင်း ၉၁ မှုကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ပြီး၊ စိတ်ကြွဆေးပြားပေါင်း ၃ သန်းကျော်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့  ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ထံက စုံစမ်းသိရပါတယ်။ (သတင်း - ၀ဏ္ဏခွာညို)

A d v e r t i s e m e n t With Us

More News
Up