Home
မြန်မာသတင်း
တရားဝင်လိုင်စင်မရှိသည့် အိမ်ခြံမြေပွဲစားများကို အစိုးရထိန်းချုပ်ရန် လိုအပ်
DVB
·
May 25, 2016
တရားဝင်လိုင်စင်မရှိဘဲ အိမ်ခြံမြေပွဲစား လုပ်နေတဲ့သူတွေကို အစိုးရက ထိန်းချုပ်ပေးဖို့ လိုအပ်နေပြီလို့ ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းက ပြောဆိုလိုက်ပါတယ်။ အိမ်ခြံမြေဈေးကွက် မတည်မငြိမ် ဖြစ်နေရတဲ့ အခြေအနေရဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ တရားမဝင် အိမ်ပွဲစားတွေ၊ လိုင်စင်မရှိဘဲ အိမ်ခြံမြေပွဲစား လုပ်နေတဲ့သူတချို့ရဲ့ ဈေးကွက်ဖျက်ဆီးမှုတွေကြောင့်လည်း ပါတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ပြောဆိုလိုက်တာပါ။ ဒါကြောင့် ရုံးခန်းမရှိ၊ လိုင်စင်မရှိဘဲ အိမ်ပွဲစားလုပ်နေတဲ့သူတွေကို အစိုးရက ထိန်းချုပ်ပေးဖို့ လိုအပ်နေပြီလို့ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ စိုင်းခွန်နောင်က ပြောပါတယ်။ “သက်ဆိုင်ရာ အစိုးရဌာနကနေပြီး ထိန်းချုပ်ပြီးတော့ အကန့်အသတ်လေးနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုင်စင်ချပေးမယ်ဆိုရင်တော့ တဖြည်းဖြည်း အားနည်းတဲ့ အပိုင်းပေါ့လေ၊ တကယ် အိမ်ခြံမြေငှားတဲ့သူတွေ၊ ရောင်းတဲ့ဝယ်တဲ့သူတွေ၊ မှန်မှန်ကန်ကန်လုပ်နေတဲ့ ၀န်ဆောင်မှုပေးနေတဲ့သူတွေက တဖြည်းဖြည်းလျော့သွားမယ်။ ဒီလိုပဲ နိုင်ငံတကာမှာလည်းရှိတယ်။ ရှိတဲ့အခါကျတော့ ကျနော်တို့ အန်ဂျီအိုအသင်းအနေနဲ့ အစိုးရကို အများကြီး ကျနော်တို့ အကြံဉာဏ်ပြုလို့ရတာပေါ့လေ။ ထိန်းချုပ်ဖို့ကတော့ အစိုးရ မဖြစ်မနေ ထိန်းချုပ်နိုင်မှ ဒါတွေလျော့ပါးသွားမယ်လို့ မြင်ပါတယ်။” အိမ်ငှားနေထိုင်သူတွေ ဆက်နေလို့မရအောင် လုပ်နေတဲ့ မြေလျှောက်ပွဲစားတွေ အကြောင်းကိုလည်း ကျောက်မြောင်းရပ်ကွက်တွင်း အိမ်ငှားနေသူ တဦးဖြစ်တဲ့ ဦးမြတ်သူက ပြောပါတယ်။ “မြေလျှောက်ပွဲစားပေါ့ဗျာ၊ ထီးတချောင်းနဲ့ ပိုက်ဆံအိတ်တလုံး၊ ဖုန်းတလုံး ဂျိုင်းကြားညှပ်ပြီးတော့ လျှောက်နေတဲ့သူတွေ။ သူတို့က တဖြည်းဖြည်းနဲ့ ဂိုဏ်းဂဏဆန်ဆန် ဖွဲ့လာတယ်ဗျ။ သူတို့အဖွဲ့တွေနဲ့သူတို့ ရပ်ကွက်တွေ၊ လမ်းတွေထဲမှာ ဂိုဏ်းဖွဲ့ပြီးတော့ လှုပ်ရှားလာတဲ့ပုံစံမျိုး ဖြစ်လာတယ်။ ကျနော်တို့ အိမ်ရှင်အိမ်ငှားက တိုက်ရိုက်ဆက်ဆံလို့ မရဘူး။ သူတို့က ကြားခံထားတယ်။ အဲဒီဖြစ်တဲ့အပေါ်မှာ သူတို့က ဘာလုပ်လဲဆိုတော့ ဈေးကစားတယ်ဗျ။ ဈေးကစားတဲ့ အခါကျတော့ အိမ်ရှင်ကလည်း ဒီလူ ကောင်းလို့ထားချင်တယ်၊ ကျေနပ်တယ်။ အိမ်ငှားကလည်း ဒီမှာဆက်ပြီးနေချင်တယ်၊ ဒါပေမယ့် မရဘူး။ သူတို့က ကြားထဲက ငွေကြေးနဲ့ အဓိက ကစားသွားတယ်။” နိုင်ငံတကာမှာ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်နေတဲ့သူတွေဟာ ကျောင်းတွေ၊ သင်တန်းတွေကို စနစ်တကျတက်ပြီး လုပ်ပိုင်ခွင့်လက်မှတ်တွေရမှ ဆောင်ရွက်ခွင့်ရတယ်လို့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အလားတူ ကျောင်းတွေ၊ သင်တန်းတွေ ပြုလုပ်နိုင်ဖို့ သင်ရိုးညွှန်းတမ်းတွေနဲ့ ဥပဒေတွေ စနစ်တကျ  ပြဋ္ဌာန်းပေးဖို့ လိုအပ်နေတယ်လို့ တော်ဝင်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောပါတယ်။ “အစိုးရကလည်း တရားဥပဒေစိုးမိုးရေးအရ လခမပေးရင် ဖယ်ရမယ်ဆိုတဲ့ ဥပဒေကိုသာ ထုတ်ပေးထားလိုက်ရင်၊ အိမ်ငှားစားချင်တဲ့သူတွေ ပေါ်လာရင် ဒါ နိုင်ငံတကာမှာလည်း ဒီလိုပဲဖြစ်တာပဲ။ အဲတော့ အိမ်ငှားစရိတ်တွေ ဒီလောက်ဈေးမကြီးဘူး။ အခုတော့ ကျနော်တို့ အိမ်ခန်းဈေးတွေက တဖြည်းဖြည်းနဲ့ မြင့်လာလိုက်တာ ဒေါ်လာ နှစ်ထောင်လောက်ရတဲ့ စင်ကာပူလို နိုင်ငံမျိုးနဲ့ ယှဉ်နေတယ်။ ငှားတဲ့သူက ဒီမှာက ဒေါ်လာတရာလောက်ရတဲ့ကောင်က သေရချည်ရဲ့။ အဲတော့ မနေနိုင်တဲ့အခါမှာကျတော့ အိမ်ခန်းကျဉ်းကျဉ်းလေးမှာ မိသားစုတွေ စုနေတယ်။ လူမှုရေးပြဿနာတွေ အများကြီး ရှုပ်ကုန်တယ်။” လိုင်စင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းဟာ မြန်မာနိုင်ငံမှာ တခုတည်းသော နိုင်ငံကိုယ်စားပြုအသင်းဖြစ်ပြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ၃၅ ခုမြောက် ညီနောင်အသင်းလည်း ဖြစ်ပါတယ်။ ဒီအသင်းဟာ တနိုင်ငံလုံးအနေနဲ့ ရုံးခွဲပေါင်း ၂၀ မှာ အသင်းသားပေါင်း ၄၀၀၀ ကျော်အထိ ရှိတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းက ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024