အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ် နည်းပြချုပ်မျှော်လင့်











821
အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ် ရရှိဖို့ မျှော်လင့်တယ်လို့ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ဇူလိုင်ပြုလုပ်မယ့် ၂၀၁၆ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ဂျန်နိုင်ငံ ရှီဇူအုခ ခရိုင်ဘောလုံး လေ့ကျင့်ရေးစခန်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း နည်းပြချုပ် မစ္စတာ ရော်ဂျာရိုင်နာက ဒီဗွီဘီကို မေလ ၂၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
“အခုလို မြန်မာအမျိုးသမီးအသင်းဟာ ဂျပန်မှာလေ့ကျင့်ဖို့ အခွင့်အရေးရတာ အများကြီးကောင်း ပါတယ်။ ဒီနေ့ ၄ ကြိမ်မြောက်ပွဲမှာဆို အများကြီးတိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ်။ ရှုံးပေမယ့် အတွေ့အကြုံကောင်းတွေ အများကြီးရပါတယ်။ နောက် ဇွန်၊ ဇူလိုင်မှာ တောင်ကိုရီးယားတို့ ထိုင်းတို့နဲ့ ခြေစမ်းပွဲတွေ ကစားရဦးမှာပါ။ အဲဒီ အတွေ့အကြုံတွေနဲ့ ပန်းတိုင်ဖြစ်တဲ့ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ အကောင်းဆုံးရလဒ်ကို ရမှာပါ။”
အသင်းခေါင်းဆောင် ခင်မာလာထွန်းကလည်း “ချန်ပီယံဆုရဖို့ အစွမ်းကုန် ကြိုးစားနေတယ်”လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ် ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ရှုံးနိမ့်ပြီး ဒုတိယရရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံကို မေလ ၅ ရက်နေ့က ရောက်ရှိခဲ့ပြီး စခန်းသွင်းလေ့ကျင့်နေရာမှာ ခြေစမ်းပွဲ ၅ ပွဲမှာ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပါတယ်။