Home
မြန်မာသတင်း
ရန်ကုန်မြို့တွင်း ခုံးကျော်တံတားအနီးရှိ မှတ်တိုင်များ ဖျက်သိမ်းရွှေ့ပြောင်းမည်
DVB
·
May 25, 2016
ရန်ကုန်မြို့တွင်း ခုံးကျော်တံတားတွေအနီးက မလွတ်ကင်းတဲ့ မှတ်တိုင်တွေကို ဖျက်သိမ်းတာနဲ့ ရွှေ့ပြောင်းတာတွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း ခုံးကျော်တံတားအနီးက မလွတ်ကင်းတဲ့ မှတ်တိုင်တွေမှာ ယာဉ်ကြောပိတ်ဆို့တာတွေနဲ့ ပတ်သက်ပြီး ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီက လိုက်လံဆောင်ရွက်နေတယ်လို့လည်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောပါတယ်။ “ခုံးကျော်တံတားနားက မှတ်တိုင်တွေက တကယ်တော့ ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ အစကတည်းက အချို့မှတ်တိုင်တွေကို အစိုးရက ပိတ်သိမ်းဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ အခုလည်းပဲ ကျနော်တို့ ဆင်းပြီးတော့ ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်မှု ကော်မတီက ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးစီးတဲ့ အဖွဲ့တွေဟာ ဆင်းစစ်နေပါတယ်။ တချို့ကျတော့လည်း ဖျက်သိမ်းရေးအတွက် လုပ်ရပါမယ်။ သို့သော်လည်း ခရီးသွားပြည်သူလူထုတွေ အနေနဲ့လည်း အဆင်ပြေချောမွေ့ရေး အတွက်ကိုတော့ အဖွဲ့တွေဖွဲ့စည်းပြီးတော့ စစ်ဆေးပြုပြင်ပေးနေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ခုံးကျော်တံတားအနီးက မှတ်တိုင်တွေ ဖျက်သိမ်းမယ်ဆိုရင် ခရီးသည်တွေ အခက်အခဲတွေ ဖြစ်ပေမယ့် ကားသမားတွေအတွက် အဆင်ပြေနိုင်တယ်လို့လည်း အငှားယာဉ်မောင်း ကိုအောင်ဇော်ဦးက ပြောပါတယ်။ “ကျနော်တို့ တံတားအဆင်းက မှတ်တိုင်လေးတွေ ဖျက်သိမ်းမယ်ဆိုရင်တော့ ကျနော်တို့အတွက်ကတော့ အဆင်ပြေမှာပေါ့နော်။ ဒါပေမယ့် ခရီးသည်တွေ ကားစီးဖို့အတွက်ကတော့ အခက်အခဲ ဖြစ်ချင်ဖြစ်သွားမှာပေါ့။ ကျနော်တို့အတွက်ကတော့ အဲဒါတွေ ဖျက်သိမ်းလိုက်တဲ့အတွက် ဘတ်စ်ကားတွေ မရပ်တော့ဘူးလေ။ မရပ်တဲ့အခါ တံတားပေါ်ကို တခါတည်း တန်းတက်သွားလို့ရတယ်။” ခုံးတံတားအတက်အဆင်း ယာဉ်ကြောပိတ်ဆို့တာတွေ မဖြစ်ပေါ်စေဖို့ မှတ်တိုင်တွေကို ဖျက်သိမ်းတာနဲ့ ပြောင်းရွှေ့တာတွေကို ပြုပြင်ရမယ်လို့လည်း ပြောပါတယ်။ မထသဗဟို ဥက္ကဋ္ဌ ဦးလှအောင်က ဆက်ပြီး “မီးပွိုင့်ဧရိယာထဲမှာ ရောက်နေပြီ၊ တချို့မှတ်တိုင်တွေက အရင်တုန်းက မှတ်တိုင်ပေးတုန်းက ယာဉ်ကနည်းနည်းလေး။ အခုက ယာဉ်ကများလာပြီ။ အဲဒီမှာ ယာဉ်တွေရပ်လိုက်တဲ့အခါ အခြားလမ်းကို သွားထောက်တယ်။ ဒါတွေဟာ တကယ်တော့ ဆင်းပြီးတော့ စစ်ဆေးပြုပြင်သင့်တဲ့ မှတ်တိုင်တွေ အများကြီးရှိပါတယ်။ ဒါတွေကိုလည်း ကျနော်သိသလောက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ဒီလုပ်ငန်းရပ်များ အပေါ်မှာလည်း ဦးတည်ချက်ထားပြီး လုပ်ဆောင်သွားမယ့် အနေအထားရှိကြောင်း ကျနော့်အနေနဲ့ သိရှိရပါတယ်” လို့ ပြောပါတယ်။ ရန်ကုန်မြို့တွင်း မထသယာဉ်အစီးရေ ၇၆၀၀ ကျော်ရှိပြီး လက်ရှိ မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၃၅၇ လိုင်းရှိပါတယ်။ တနေ့ကို ယာဉ်အစီးရေ ၄၆၀၀ ကျော်ထွက်ရှိပြီး ခရီးသွား ပြည်သူလူထုပေါင်း ၂ ဒသမ ၆ သန်းလောက် ရှိပါတယ်။ ယဉ်ကြောပိတ်ဆို့မှုတွေကြောင့် အရင်အစိုးရလက်ထက်က ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားပေါင်း ၇ ခု တည်ဆောက်ခဲ့ပါတယ်။ တံတားအတက်အဆင်း မှတ်တိုင်ဖျက်သိမ်းတာတွေကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေထံက ခွင့်ပြုချက်ရရှိတာနဲ့ ဖျက်သိမ်းတာ၊ ပြောင်းရွှေ့တာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ သတင်း - သူသူအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024