ချစ်စရာကြောင်ကလေးရဲ့ ဘဲလေးကကွက်စွမ်းရည်ပြမှု ရေပန်းစား (ရုပ်သံ)

မာကိုဟာ ဂျပန်နိုင်ငံမှ အဖြူရောင် အမွေးဖွားဖွားနဲ့ ချစ်စရာကြောင်ကလေးတကောင်ပါ။ လတ်တလောမှာတော့ သူ့ရဲ့ အိမ်တွင်းစွမ်းရည်ပြ ဘဲလေးကကွက်တွေကြောင့် အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ မာကိုရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာပေးနဲ့ စွမ်းရည်ပြမှုတွေဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး ကြိုက်နှစ်သက်သူတွေ တစထက်တစ များပြားလာနေခဲ့တာလို့ ဒေးလီးမေးလ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ပိုင်ရှင်ဖြစ်သူ ချီဆာဟာ ကြောင်ကလေး မာကိုရဲ့ အိမ်တွင်းစွမ်းရည်ပြကွက်တွေကို ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ထားခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ်စာမျက်နှာနဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မျှဝေခဲ့ချိန်မှာတော့ သဘောကျနှစ်သက်သူ ၃ သောင်း ၉ ထောင်ကျော် ရှိလာခဲ့ပါပြီ။ မာကိုရဲ့ ဘဲလေးအက စွမ်းရည်ပြဓာတ်ပုံတွေကို @Cchisa76 အမည်နဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တွေ့နိုင်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ပိုင်ရှင်ဖြစ်သူ ချီဆာဟာ မာကိုရဲ့ စွမ်းရည်ပြကွက်တွေကို မကြာခဏ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ရိုက်ယူထားလေ့ရှိပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ တင်လေ့ရှိသူပါ။ ခုလို စွမ်းရည်ပြသမှုအတွက် ချီဆာဟာ မာကိုသဘောကျနှစ်သက်တဲ့ အရုပ်တွေနဲ့ ဆွဲဆောင်ခဲ့ရတာလို့ ဆိုပါတယ်။ ဒီအရုပ်တွေကို လေထဲမှာ ဝှေ့ယမ်းလိုက် အောက်ကို ပြန်ချလိုက် လုပ်နေခဲ့ချိန်မှာ မာကိုဟာ အဆိုပါအရုပ်တွေနောက်ကို လိုက်ဖမ်းဖို့ ကြိုးစားနေခဲ့ကာ ရွှင်မြူးနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ကြောင်ကလေးမာကိုရဲ့ မွေးချင်းတွေဖြစ်တဲ့ တိုက်ဒ်၊ ပိခ်ျနဲ့ လီယွန်တို့ကတော့ မာကိုရဲ့ စွမ်းရည်တွေကိုသာ အနီးနားမှာ စောင့်ကြည့်နေခဲ့ကြတာဖြစ်ပြီး စိတ်မ၀င်စားပုံပါပဲ။ တကယ်လို့များ သူတို့တွေလည်း ခုလို စွမ်းရည်ပြမှုမှာ ပါဝင်လာခဲ့မယ်ဆိုရင်တော့ မာကိုရဲ့ ပရိသတ်တွေကို ခုထက်ပိုပြီး ဆွဲဆောင်နိုင်မှာ အမှန်ပါပဲ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up