Home
မြန်မာသတင်း
မြန်မာမသန်စွမ်း တက်ကြွလှုပ်ရှားသူ ကမ္ဘာလုံးဆိုင်ရာဆု ရရှိ
အေးနိုင်
·
May 25, 2016
၂၀၁၆ ခုနှစ်အတွက် ‘ကမ္ဘာလုံးဆိုင်ရာ Charles T. Manatt Democracy Award ဆု’ ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးနေလင်းစိုးက ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် မေလ ၂၀ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီ IFES ဒါရိုက်တာဘုတ်အဖွဲ့က ဒီနှစ်အတွက်ဆုကို ရွေးချယ်ပေးအပ်ကြောင်း အကြောင်းကြားခဲ့တယ်လို့ ဦးနေလင်းစိုးက ပြောပါတယ်။ “ပြီးခဲ့တဲ့တပတ်ကပဲ တရားဝင် Official စာ၊ ဒီနှစ်အတွက် ကျနော့်ကို ရွေးချယ်လိုက်တဲ့အကြောင်း၊ ရွေးချယ်ရတဲ့အကြောင်းရင်းကတော့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် မသန်စွမ်းသူတယောက် အနေနဲ့ တက်တက်ကြွကြွ တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်နေတဲ့ အပေါ်မှာရော၊ နောက်ပြီးတော့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲဖြစ်စဉ်၊ နောက် ပေါ်လစီပြောင်းလဲရေး ကိစ္စတွေမှာ ကျနော်နဲ့ ကျနော့်အဖွဲ့က တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတဲ့ အတွက်ကြောင့် ဒီအပေါ်မှာ အသိအမှတ်ပြုပေးတာလို့ သူက ဆိုပါတယ်” လို့ ပြောပါတယ်။ လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို လာရောက် ဆုလက်ခံယူဖို့လည်း ဖိတ်ကြားလာပါတယ်လို့ ပြောပါတယ်။ ကိုနေလင်းစိုးဟာ ၃ နှစ်သားအရွယ်မှာ ပိုလီယိုကြောင့် မသန်စွမ်းသူ ဖြစ်လာခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲကို ၃ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီး သွားလာရေး ခက်ခဲမှုကြောင့် ပညာရေး တပိုင်းတစနဲ့ ရပ်နားခဲ့ပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းသူများကွန်ရက် ဥက္ကဋ္ဌ၊ မသန်စွမ်းသူများ အခွင့်အရေး၊ မသန်စွမ်းသူများ အခွင့်အရေး ဥပဒေပြဋ္ဌာန်းရေး၊ အမျိုးသားပညာရေးဥပဒေနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်ရေးတွေအတွက် ပါဝင်လှုပ်ရှားခဲ့သလို ဂျပန်၊ နော်ဝေ၊ သြစတြေးလျ အပါအ၀င် ပြည်ပနိုင်ငံ ၁၄ နိုင်ငံကို သွားရောက်ပြီး မသန်စွမ်းလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီးက ချီးမြှင့်တဲ့ စံပြဆုကို ရရှိခဲ့ပါတယ်။ အဆိုပါ ဆုအမျိုးအစားမှာ ကမ္ဘာ့အဆင့် ဆုအမျိုးအစားဖြစ်ပြီး ကမ္ဘာအရပ်ရပ် အသီးသီးမှ တနှစ်လျှင် လူပုဂ္ဂိုလ် ၃ ဦးသာ ရွေးချယ်ပေးအပ်သော ဆုဖြစ်ကြောင်း သိရှိရပါတယ်။ အရင်နှစ်တွေက ဆုရရှိခဲ့သူတွေကတော့ တောင်အာဖရိက၊ ဗင်နီဇွဲလား၊ ကင်ညာ၊ လက်ဘနွန်၊ ချီလီ၊ ယူကရိန်း၊ မက္ကဆီကိုနိုင်ငံတို့မှ ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံးဆုလည်း ဖြစ်သလို မသန်စွမ်းတဦးကို ပထမဆုံး ပေးအပ်ချီးမြှင့်တဲ့ဆုလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024