စကိတ်ဘုတ်စီးစွမ်းရည်ပြ ဗြိတိသျှ ခွေးဘီလူးလေး (ရုပ်သံ)

ပွန်မီဟာ အသက် ၉ လသားအရွယ် ခွေးဘီလူးအမျိုးအစား ဗြိတိသျှခွေးလေး တကောင်ဖြစ်ပြီး ပြေးလွှားရတာကို ပျင်းရိငြီးငွေ့ပါတယ်။ ဒါပေမယ့် သူ့မှာ ဘယ်သူကမှ သင်မပေးရပဲ အလိုအလျောက် တတ်မြောက်နေတဲ့ စွမ်းရည်ရှိနေပါတယ်။ အဲဒါကတော့ စကိတ်ဘုတ်စီးစွမ်းရည်ဖြစ်ပြီး သူ့အသက် ၆ လသားလောက်မှာ စတင်စီးပြနိုင်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ပွန်မီဟာ စကိတ်ဘုတ်စီးနင်းတဲ့အခါ သူ့ရဲ့ရှေ့ခြေကို အသုံးပြုပြီး တွန်းကာ အရှိန်နဲ့ သွားနိုင်အောင် စွမ်းရည်ပြနိုင်ပါတယ်။ ပွန်မီရဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ စတေစီဝှစ်တိတ်ကာနဲ့ ခင်ပွန်းဖြစ်သူ မစ်ခ်တို့ဟာ သမီး ၂ ဦးဖြစ်တဲ့ အသက် ၁၁ နှစ်အရွယ် ချားလော့တ်နဲ့ ၁၃ နှစ်အရွယ် မာတီလ်ဒါတို့နဲ့အတူ နယူးဆောက်ဝေးပြည်နယ် အလယ်ပိုင်း ဘားသာ့စ်တ်မြို့မှာ နေထိုင်ကြတာပါ။ ခွေးကလေး ပွန်မီမှာ ခုလို စကိတ်စီးစွမ်းရည်ရှိနေတယ် ဆိုတာကို သူတို့ဟာ အစက မသိရှိခဲ့ကြပါဘူး။ ဒါပေမယ့် သမီးငယ်ဖြစ်သူ ရှားလော့တ်ဟာ စကိတ်စီးဝါသနာပါသူတဦးဖြစ်ပြီး ပွန်မီဟာ သူနဲ့အတူ ပြေးလွှားဆော့ကစားတဲ့ အကျင့်ရှိနေတာကိုတော့ သတိထားမိခဲ့ကြတာပါ။ စတေစီဝှစ်တိတ်ကာက “ကျမတို့အားလုံး သူ့ကို မသင်ပေးခဲ့ကြပါဘူး။ သူဟာ ရှားလော့တ်နဲ့အတူ ပြေးလွှားဆော့နေရင်းက တတ်သွားခဲ့တာဖြစ်မယ်။ သူက စကိတ်ဘုတ်ပေါ် ပြေးတက်လိုက်၊ ခုန်ဆင်းလိုက် လုပ်နေတတ်တယ်လေ” လို့ ပြောပါတယ်။ ခုလို စကိတ်ဘုတ်စီးနေရတာကို ပျော်ရွှင်နေတဲ့ ပွန်မီဟာ တကယ်တော့ ပြေးလွှားရတာကို ပျင်းတဲ့ ခွေးကလေးတကောင်ဖြစ်ပြီး တချိန်လုံး အိပ်နေတတ်တယ်လို့ ပိုင်ရှင်တွေက ဆိုပါတယ်။ “ကျမတို့ စကိတ်ဘုတ်ကို မြေကြီးပေါ်ချထားပေးလိုက်တာနဲ့ ပွန်မီဟာ သူ့ဟာသူ ခုန်တက်ပြီး စီးသွားတော့တာပဲ” လို့ စတေစီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up