Home
ဆောင်းပါး
အဖြေရှာရခက်ခဲနေဆဲ ဒုက္ခသည်အရေး
DVB
·
May 24, 2016
ဒီကနေ့ ကမ္ဘာ့နေရာ အနှံ့အပြားက အစိုးရနဲ့ ပြည်သူလူထုတွေ အလေးထား ပြောဆိုကိုင်တွယ် ဖြေရှင်းလာရတာကတော့ ဒုက္ခသည်အရေး ဖြစ်လာနေပါပြီ။ အထူးသဖြင့် သက်ဆိုင်ရာနိုင်ငံတွေ၊ ဒေသတွေမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ စစ်ပွဲတွေကနေ အသက်အန္တယ်အတွက် ထွက်ပြေးလာကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေက အများဆုံးဖြစ်ပြီး လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတွေကြောင့် ဆင်းရဲမွဲတေ စီးပွားရေး ချွတ်ခြုံကျနေလို့၊ စားလို့အဆင်မပြေနိုင်ကြလို့ လွတ်ကင်းရာ သက်သာရာနေရာကို ရှောင်ထွက်လာကြတဲ့ ဒုက္ခသည်တွေလည်း ဒီကနေ့ ကမ္ဘာ့နေရာ အတော်များများမှာ မမြင်ချင် မကြားချင်လို့ မရအောင် တွေ့လာနေကြရပါပြီ။ ဒီဒုက္ခသည်တွေထဲမှာ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဥရောပနိုင်ငံတချို့မှာ ခိုလှုံနေထိုင်ခွင့်ရဖို့ အင်နဲ့အားနဲ့ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ၊ လစ်ဗျားနိုင်ငံမှာ ဖြစ်နေဆဲဖြစ်တဲ့ စစ်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအရေးဟာ နိုင်ငံတကာက အလေးထား စဉ်းစားစရာ ဖြစ်လာခဲ့သလို ကျနော်တို့ မြန်မာနိုင်ငံက လူမျိုး ဘာသာရေး ခွဲခြားဆက်ဆံ နှိပ်ကွပ်လို့ ရရာ လှေသင်္ဘောတွေနဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ထွက်ပြေးလာနေကြတဲ့ ရိုဟင်ဂျာလူမျိုး နိုင်ငံကူး ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ အရေးကလည်း သေးငယ်တဲ့အရေး၊ သေးငယ်တဲ့ပြသနာတခု မဟုတ်ပါဘူး။ ခုဆို သတင်းမီဒီယာတွေမှာ လှေစီးလူတွေ (Boat People) ဆိုတဲ့ စကားလုံးတောင်မှ မသိသူမရှိတဲ့ စကားလုံး ဖြစ်လာခဲ့ပါပြီ။ နောက် နိုင်ငံထဲမှာ လူမျိုးစု လက်နက်ကိုင်ပဋိပက္ခဖြစ်၊ စစ်မီးတောက်လောင်လာလို့ စစ်ပွဲလွတ်ရာ နီးစပ်ရာဒေသတွေကို ထွက်ပြေးခိုလှုံ နေထိုင်လာကြတဲ့ ပြည်တွင်း စစ်ရှောင်ဒုက္ခသည်တွေလည်း ထောင်သောင်းချီ ရှိနေပါတယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် စစ်ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်လာကြတဲ့ ဒုက္ခသည်တွေကတော့ လတ်တလော တွေ့မြင်နိုင်တဲ့ ဒုက္ခသည်တွေလို့ ဆိုရမှာပါပဲ။ မြန်မာနိုင်ငံမှာ ရာစုနှစ်ဝက်ကျော် ဖြစ်လာခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား ဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းစစ်မီးကြောင့် အထူးသဖြင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကတော့ ကာလအားဖြင့် ဆယ်စုနှစ်တွေနဲ့ချီပြီး ကြာလာခဲ့လို့ လက်ဟောင်းဒုက္ခသည်တွေလို့တောင် ခေါ်လို့ရပါပြီ။ ထိုင်းနိုင်ငံက  လူသားချင်း စာနာထောက်ထားမှုကြောင့် သူ့နိုင်ငံထဲမှာ ဒုက္ခသည်စခန်းတွေ ဖွင့်ပေးထားခဲ့လို့ ဒုက္ခသည်စခန်းထဲမှာပဲ ပွားစည်းလာခဲ့တဲ့ သားသမီးတွေတောင် အသက် ၃၀ ၀န်းကျင် ရောက်လာခဲ့ကြတဲ့ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ခုထိ ဒုက္ခသည်စခန်းတွေထဲမှာ ဗမာအပါအ၀င် တိုင်ရင်းသား လူမျိုးပေါင်းစုံဟာ နေထိုင်စားသောက်မှု အကန့်အသတ်နဲ့ နေလာကြရတာ ဆယ်စုနှစ်တွေ ကြာမြင့်လှပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စဉ်ဆက် နိုင်ငံတော်အာဏာ မတရားရယူ အုပ်ချုပ်ခဲ့ကြတဲ့ စစ်အာဏာရှင် အစိုးရအဆက်ဆက်ဟာ ဒီဒုက္ခသည်အရေး၊ ဒုက္ခသည်ပြဿနာရဲ့ တရားခံပဲလို့ ပြောရင် ငြင်းလို့မရနိုင်လောက်ဘူးလို့ ဆိုရမှာပါပဲ။ အရပ်သား ဒီမိုကရေစီ အစိုးရသစ်လို့ တချို့မီဒီယာတွေက ခေါ်ဝေါ်ခဲ့တဲ့ ပြီးခဲ့တဲ့ စစ်အရေခွံလဲ အစိုးရကလည်း ဒီဒုက္ခသည် အရေးကိစ္စကို ရှင်းပေးရမယ့် ကိစ္စတခုလို့တောင် သဘောထားခဲ့၊ ထည့်သွင်းပြောဆိုခဲ့တာ မတွေ့ရပါဘူး။ သူတို့နဲ့ပဲ မဆိုင်ခဲ့သယောင် မျက်နှာလွှဲထားခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ခု ဒီတခါတော့ တကယ်မဟုတ်သေးပေမယ့် အရပ်သားဒီမိုကရေစီ အစိုးရသစ်လို့ တခါ ခေါ်နေကြတဲ့ စစ်တပိုင်းအစိုးရ လက်ထက်မှာရော ဒုက္ခသည်အရေး ဖြေရှင်းပေးမယ်လို့ မျှော်လင့်ရပါသလား။ ဒီမေးခွန်းကလည်း သိပ်မျှော်လင့်လို့ မရဘူးလို့ပဲ ဖြေရမယ့်သဘော ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခု သမ္မတရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အစိုးရမှာ ရှေ့စစ်အာဏာရှင်အစိုးရ အဆက်ဆက်က ချန်ထားခဲ့တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲက ပြည်တွင်းအတွက် လောလောဆယ် ဖြေရှင်းရမယ့် အရေးတွေက တန်းစီနေတဲ့အတွက် ဒီဒုက္ခသည်အရေးဆိုတာက အလှမ်းဝေးနေလိမ့်ဦးမယ်လို့ ပြောရမှာပါပဲ။ လောလောဆယ် နိုင်ငံရေးအကျဉ်းသားကိစ္စကိုတောင် အပြီးအပြတ် မရှင်းနိုင်တာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကိစ္စကို မဖြေရှင်းနိုင်တာတွေကို တွေ့နေရတဲ့အတွက် ဒီလိုပြောရတာပါ။ ဒါပေမယ့် ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည်ရော၊ ပြည်ပ စစ်ဘေးရှောင် ဒုက္ခသည်တွေရော ကိစ္စမှာ မြန်မာနိုင်ငံဟာ အတော်အရေးထား စဉ်းစားဖြေရှင်းရမယ့် နိုင်ငံတကာကိစ္စအဖြစ် ရှိနေတယ် ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ မကြာခင်ကပဲ ထိုင်းနိုင်ငံ သတင်းမီဒီယာကိစ္စမှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ် တယောက်က ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ရှိကြတဲ့ ဒုက္ခသည်တွေထဲက ဒုက္ခသည် ၁၀၀၀၀၀ လောက်ကို မိခင်နိုင်ငံ ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ ပြောခဲ့တယ်လို့ ဖော်ပြလိုက်တဲ့အတွက် ဒုက္ခသည်တွေကြားမှာ စိုးရိမ် ပူပန်မှုတွေ ဖြစ်လာခဲ့ပါတယ်။ ဖြစ်နေဆဲလည်း ဖြစ်ပါတယ်။ ရန်ကုန်နဲ့ ဘန်ကောက်ကို လာရောက်ခဲ့တဲ့ ဖင်လန်နိုင်ငံ မစ်ရှင်အဖွဲ့ကတော့ အိမ်နီးချင်းနိုင်ငံတွေကို လှေစီးထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာ လူနည်းစုတွေရဲ့ နာကျင်ခံစားမှုတွေနဲ့ သူတို့အရေးဟာ အလေးထား စဉ်းစားစရာ ဖြစ်လာပြီလို့ ပြောဆိုခဲ့ပြီး ဒီအကျပ်အတည်းကို သက်သာဖြေလျှော့နိုင်မယ့် နိုင်ငံတကာက လုပ်ဆောင်နိုင်မယ့် ကိစ္စတွေမှာ ပါဝင် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ သူတို့ တွေ့ရှိထားတာက ခန့်မှန်းခြေ လူ ၈၀၀၀၀၀ လောက်ဟာ နိုင်ငံသားဖြစ်မှုမရှိဘဲ မြန်မာနိုင်ငံထဲမှာ နေထိုင်နေခဲ့ကြပြီး အဲဒီထဲက အများစုဟာ ရိုဟင်ဂျာတွေ ဖြစ်တယ်ဆိုတာပါ။ ရခိုင်ပြည်နယ်ထဲက သမားရိုးကျ ဗုဒ္ဓဘာသာဝင်တွေ၊ ရဟန်းသံဃာတွေနဲ့ မွတ်ဆလင်ဘာသာ ကိုးကွယ်ကြတဲ့ ရိုဟင်ဂျာတွေကြားက ပဋိပက္ခဟာ ကြီးမားပြင်းထန်လာနေပြီး တခါတလေ အကြမ်းဖက်မှု ဖြစ်လာတဲ့ အခြေအနေဖြစ်နေပြီး သမားရိုးကျ ဗုဒ္ဓဘာသာတချို့ရဲ့ မုန်းတီးစကားတွေဟာ အကြမ်းဖက်မှုကို ပိုပြီး ကြီးထွားလာစေတယ်လို့လည်း သုံးသပ်ခဲ့ကြပါတယ်။ ဒီအချိန်မှာ အမေရိကန်နိုင်ငံ ရီပတ်ဗလစ်ကန်ပါတီကြီးရဲ့ သမ္မတလောင်းဖြစ်လာဖို့ အလားအလာရှိနေတဲ့ မစ္စတာ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ပြည်ထောင်စုထဲကို ၀င်ရောက်ဖို့ ကြိုးစားနေကြတဲ့ မွတ်ဆလင်တွေအားလုံးကို ယာယီ တားဆီးပိတ်ပင်ဖို့ ပြောဆိုလာတဲ့အပေါ် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးလည်းဖြစ်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးသံတမန်လည်းဖြစ်တဲ့ အင်ဂျလီနာ ဂျိုလီက “ကျမတို့တိုင်းပြည်ကိုယ်တိုင်က ဒီအခြေအနေကို တုံ့ပြန်မှုအတွက် ကျမ အကြီးအကျယ် စိတ်ထိခိုက်ရပါတယ်” လို့ ဘီဘီစီက စည်းရုံးဆောင်ရွက်တဲ့ လန်ဒန်မှာ ကျင်းပခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူများ လှုပ်ရှားမှုပွဲမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သူက ဒေါ်နယ်လ်ထရမ့်ကို ရည်ညွှန်းပြီး “ကျမအတွက်ကတော့ အမေရိကားဟာ လွတ်လပ်မှုနဲ့ အထူးသဖြင့် ဘာသာရေးလွတ်လပ်မှုအတွက် ကမ္ဘာတ၀ှမ်းလုံးက ရောက်လာကြသူတွေနဲ့ အတူတကွ တည်ဆောက်ထားတာဖြစ်ပြီး အမေရိကန်သမ္မတဖြစ်ဖို့ ကြိုးစားနေတဲ့ သူတယောက်ဆီက ဒီစကားကတော့ နားခါးစရာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ အစိုးရကလည်း ဒုက္ခသည်စခန်း ၁၀ ခုမှာ ၁ သိန်းခွဲကျော်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ နေထိုင်ခွင့် ပေးလာခဲ့ပေမယ့် ခုတော့ နေရပ်ပြန်ပို့ဖို့ လေသံပစ်လာတာ တွေ့ရပါတယ်။ စခန်းတွေဖွင့် လက်ခံထားခဲ့ပေမယ့် ဒုက္ခသည်တွေက စခန်းတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရဘဲ စခန်းထဲမှာပဲ နေကြရတာဖြစ်လို့ သူတို့တွေရဲ့ဘ၀တွေ၊ အနာဂတ်တွေနဲ့ စိတ်ကူးအိပ်မက်တွေဟာ သံဆူးကြိုးအကာအရံတွေ၊ အစောင့်တွေရဲ့ ပိတ်လှောင်မှုထဲမှာပဲ ရှိနေခဲ့ရတယ်လို့ ဆိုရမှာပါပဲ။ ခု ဆီးရီးယား၊ လစ်ဗျား စတဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ရှောင်ဒုက္ခသည်တွေကို လက်ခံပေးတဲ့ နိုင်ငံတွေရှိသလို နိုင်ငံကို စည်းရိုးပိတ်ကာ အ၀င်မခံတဲ့ နိုင်ငံတွေလည်း ရှိလာတဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက အလေးပေး စဉ်းစားညှိနှိုင်းပေးနေရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ အထက်မှာတင်ပြခဲ့တဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အင်ဂျလီနာ ဂျိုလီဆိုရင် ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် စခန်းတွေထဲက ဒုက္ခသည်တွေရဲ့ ပကတိအခြေအနေကို သွားရောက် လေ့လာခဲ့သလို ကချင်ပြည်နယ်က အရေအတွက် ၁ သောင်းကျော်ရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေတွေကိုလည်း ကိုယ်တိုင်သွားရောက် လေ့လာမေးမြန်း စုံစမ်းခဲ့ပါတယ်။ ဒါတင်မကပဲ ရန်ကုန်မှာရှိတဲ့ ရိုဟင်ဂျာ လူနည်းစုဆီကိုလည်း သွားရောက်လည်ပတ် တွေ့ဆုံခဲ့ပြီး နေရာရွှေ့ပြောင်း နေထိုင်ကြရတဲ့ လူနည်းစု ဒုက္ခသည်တွေရဲ့ နေထိုင်မှုဘ၀ အရေးကို နိုင်ငံတကာက အာရုံထားလာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ သူက “အကြီးအကျယ် စိုးရိမ်စရာ” အခြေအနေလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒီဒုက္ခသည်ကိစ္စဟာ သက်ဆိုင်တဲ့ နိုင်ငံတခုတည်းကပဲ ဖြေရှင်းလို့ မရသလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဌာန တခုတည်းကလည်း ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ ဒီကနေ့ တွေ့နေရတဲ့ ဒုက္ခသည်အရေးကိစ္စတွေကို ကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတကာ အစိုးရတွေနဲ့ လူ့အဖွဲ့အစည်းတွေက လူသားချင်း စာနာထောက်ထားမှုရှိရှိနဲ့ ၀ိုင်းဝန်းအဖြေရှာ ဖြေရှင်းပေးကြရမယ့်ကိစ္စကြီး ဖြစ်လာနေပါပြီ။ ဒုက္ခသည်ရယ်လို့ ဖြစ်လာရတဲ့ အကြောင်းရင်းကို ဖယ်ရှင်းပစ်မှပဲ အကျိုးဖြစ်တဲ့ ဒုက္ခသည်တွေ ထပ်မံပေါ်ပေါက်မလာမှာ၊ ရှိနှင့်ပြီး ဒုက္ခသည်တွေ ဒုက္ခသည်ဘ၀က လွတ်မြောက်နိုင်ကြမှာ ဖြစ်ပါတယ်။ အပြောအရ လွယ်ပေမယ့် အဖြေရှာ ဖြေရှင်းဖို့ ခက်ခဲနေဆဲ ပြဿနာကြီး တခုအဖြစ ရှိနေဆဲဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024