မိုးသည်းထန်စွာသွန်းမှုကြောင့် မြန်အောင်မြို့နယ်တွင် လမ်းတံတားများ ပျက်စီး
DVB
·
May 24, 2016
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးတဲ့အတွက် လမ်းတံတားတွေပေါ် ရေကျော်ကာ လမ်းမတွေနဲ့တံတားအချို့ ပျက်စီးခဲ့ပါ တယ်။
အခုလို လမ်းတံတားတွေပေါ် ရေကျော်တဲ့အတွက် ဟင်္သာတ-ကြံခင်း အဝေးပြေးလမ်းပေါ်မှာ ရှိတဲ့ ကညင်ငူရွာသစ်ရွာအဝင် လမ်းမ ပျက်စီးခဲ့သလို အင်ပင်ကျေးရွာ အဝင် ကြာနီကန် ချောင်းတံတားအနီး အဝေးပြေးလမ်းမလည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် အင်ပင်ကျေးရွာနဲ့ ကနောင်ကျေးရွာ တို့ကို ဆက်သွယ်ထားတဲ့ အင်ပင်-ကနောင်လမ်းပေါ်ရှိ တံတားနဲ့ အင်ပင်၊ ရွှေပြည်သာနဲ့ ဒေါင်းကျရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းတွေ ပျက်စီးခဲ့ပါတယ်။
အခုလို လမ်းတံတားတွေပေါ် ရေကျော်ကာ ပျက်စီးရတာဟာ မိုးသည်းထန်စွာ ရွာသွန်းတာတွေနဲ့ တောင်ကျရေ ဆင်းလာတာကြောင့် ဖြစ်ပြီး အရင်နှစ်တွေကလည်း ခုနေရာတွေရေကျော်ပေမယ့် ပျက်စီးမှုက အခုလောက်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
(သတင်း၊ ဓာတ်ပုံ - သိန်းထိုက်မြင့်)