တရုတ်-ထိုင်း ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှု စတင်

ဓာတ်ပုံ - ဆင်ဟွာ
  ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ Blue Strike 2016 အမည်ဝှက်ပေးထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဆတ္တဟိ(ပ်) ရေတပ်စခန်းမှာ မေလ ၂၁ ရက်နေ့က စတင်ပါတယ်။ ပူးတွဲလေ့ကျင့်ခန်းတွေထဲမှာ ပင်လယ်နဲ့ ကုန်းမြေပေါ်မှာ ပူးတွဲသင်တန်း၊ ပဋိပက္ခဖြစ်ပွားရာဒေသနဲ့ သဘာဝဘေးအန္တရာယ်သင့်တဲ့ နေရာက လူတွေကို ကယ်ထုတ်ခြင်းနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးနဲ့ ပတ်သက်တာတွေ ပါဝင်ကြတယ်လို့ ဆင်ဟွာသတင်းက ရေးပါတယ်။ ဖွင့်ပွဲအခမ်းအနားကို တရုတ်ရေတပ် ဒုတိယအကြီးအကဲ ၀မ်ဟိုင်နဲ့ ထိုင်းနိုင်ငံ ဘုရင့်ရေတပ်က ရေယာဉ်စုမှူး နာရစ် ပရာသွန်ဆုဝမ်တို့ တက်ရောက်ဖွင့်လှစ်ပါတယ်။ ၀မ်က ဒီလေ့ကျင့်မှုကနေ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးနဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းရာမှာ နှစ်နိုင်ငံလုံးက မရိမ်းတပ်ဖွဲ့တွေ ဇွဲသတ္တိနဲ့ စွမ်းရည်တိုးတက်စေလိမ့်မယ်လို့ ပြောပါတယ်။ နာရစ်ကလည်း ဒီလေ့ကျင့်မှုဟာ ကာလတာရှည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရာမှာ ထောက်ကူပြုစေပြီး ဒီလေ့ကျင့်ခန်းတွေက အသိပညာနဲ့ အတွေ့အကြုံတွေ ဖလှယ်ခြင်းဖြင့် နှစ်နိုင်ငံတပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမယ်လို့ ပြောပါတယ်။ ဒီတကြိမ်ဟာ တတိယအကြိမ်ဖြစ်ပြီး ၂၀၁၀ နဲ့ ၂၀၁၂ တွေမှာလည်း Blue Strike ပူးတွဲလေ့ကျင့်ခဲ့ကြပါတယ်။ ဆတ္တဟိ(ပ်) ရေတပ်စခန်းဌာနချုပ်ဟာ ထိုင်းဘုရင့်မရိမ်းတပ်ဖွဲ့ ဌာနချုပ်တည်ရှိရာဖြစ်ပြီး ထိုင်းနိုင်ငံမှာ အကြီးဆုံး ရေတပ်အခြေစိုက် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up