လက်ဆောင်ကို ငြင်းပယ်သည့် ဂျပန်အဆိုတော်မလေး ဓားဖြင့်အချက်ပေါင်းများစွာ အထိုးခံရ

ဂျပန်အဆိုတော်မလေး မာယု တိုမီတာ။ (ဓာတ်ပုံ - တွစ်တာ)
ဂျပန်နာမည်ကျော် ဂျေပေါ့ပ်အဖွဲ့မှ အဆိုတော်မလေး မာယု တိုမီတာဟာ မေလ ၂၁ ရက်နေ့က တိုကျိုမြို့ ဖျော်ဖြေပွဲတခုမှာ ရှိနေစဉ်မှာ ပရိသတ်အမျိုးသားတဦးက သူ့ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ ကိုဂဲနိဒေသ ဖျော်ဖြေပွဲအပြီး စတိတ်စင်နောက်ကို ရောက်ချိန်မှာ တိုမို ဟိုင်ရိုအိုင်ဝါဇာကီ အမည်ရ အသက် ၂၇ နှစ်အရွယ် လူငယ်တဦးက ခုလို ထိုးနှက်တိုက်ခိုက်ခဲ့တာလို့ ဂျပန်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ အဆိုတော် တိုမီတာဟာ ဓားနဲ့ ၂၄ ချက်ထက်မနည်း ထိုးနှက်ခံခဲ့ရတဲ့အတွက် လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ထိခိုက်ဒဏ်ရာတွေ ရရှိထားပြီး ဆေးရုံပေါ်မှာ အသက်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ အိုင်အိုဝါဇာကီက အဆိုတော်မလေးဟာ သူပေးတဲ့ လက်ဆောင်ကို ငြင်းပယ်ခဲ့တဲ့အတွက် ခုလိုတိုက်ခိုက်ခဲ့တာလို့ ရဲတွေကို ၀န်ခံပြောဆိုလိုက်တာပါ။ တိုမီတာဟာ တိုကျိုမြို့အခြေစိုက် နာမည်ကျော် AKB48 အမျိုးသမီး ဂျေပေါ့ပ်ဂီတအဖွဲ့ဝင်တဦးဖြစ်ကာ ဂီတမြှင့်တင်ပွဲတခုအတွက် ကိုဂဲနိခန်းမမှာ ဖျော်ဖြေဖို့ ရောက်ရှိနေခဲ့တာပါ။ အဆိုတော် တိုမီတာဟာ တက္ကသိုလ်ကျောင်းသူလည်းဖြစ်ပြီး အရင်ကလည်း အိုင်ဝါဇာကီက သူ့ကို အနှောင့်အယှက် ပေးခဲ့တယ်ဆိုပြီး ရဲကို တိုင်ခဲ့ဖူးပါတယ်။ AKB48 အဖွဲ့မှာ အဖွဲ့ဝင် ၁၅၀ ဦးပါဝင်ပြီး ဂျပန်နိုင်ငံရဲ့ အအောင်မြင်ဆုံး အမျိုးသမီး တေးဂီတအဖွဲ့တဖွဲ့ဖြစ်ကာ ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းမှာ အဖွဲ့ဝင်အများဆုံး တေးဂီတအဖွဲ့တဖွဲ့အဖြစ် မှတ်တမ်းတင်ထားခြင်းခံရတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up