Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှုသေဒဏ်မှ လွတ်မြောက်ရေး အယူခံဝင်
နန်းမြနဒီ
·
May 23, 2016
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေက တရားရုံးမှာ အယူခံဝင်လိုက်ပါတယ်။ သေဒဏ်ကျခံထားရတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ရဲ့ မိခင်ဖြစ်သူ ဒေါ်မေသိန်း နဲ့ ဒေါ်ဖြူရွှေနု တို့ဟာ လူ့အခွင့်အရေးဆိုင်ရာထိုင်းရှေ့နေများကောင်စီက ရှေ့နေ၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းအဖွဲ့ဝင် တို့နဲ့အတူ ဒီကနေ့ မနက် ၉ နာရီမှာ ကော်ဆမွီခရိုင်တရားရုံးကို သွားရောက်ပြီး အယူခံလွှာကို တင်သွင်းခဲ့တယ်လို့ အတိုင်ပင်ခံ မစ္စတာအန်ဒီဟောလ်မှ ဒီဗွီဘီကို ပြောပါတယ်။ ၅ လကျော် အချိန်ပေးပြီး ရေးသားပြုစုခဲ့ရတဲ့ အယူခံလွှာမှာ စာမျက်နှာပေါင်း ၁၉၈ မျက်နှာပါရှိပြီး ဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့မှာ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိတဲ့အကြောင်း ခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ တင်ပြထားတာ ဖြစ်ပါတယ်။ တရားရုံးကတော့ အယူခံလွှာကို လက်ခံရယူထားတာပဲရှိပြီး ဘယ်တော့အကြောင်းပြန်မလဲဆို တာ မသိရသေးပါဘူး။ ၀င်း နဲ့ ဇော်တို့ ၂ ဦးရဲ့ မိခင်တွေဟာ မနက်ဖြန်ကျရင် ဘန်ကောက်အနီး နွန်ထဘူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်ကို သွားရောက်ပြီး သူတို့သားတွေကို တွေ့ဆုံအားပေးဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း(လိပ်ကျွန်း)မှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး အဲဒီကျွန်းပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူငယ် ၂ ဦးကို ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့ မှာ သေဒဏ်စီရင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024