ထိုင်းမြောက်ပိုင်း မိန်းကလေးပြုစုစောင့်ရှောက်ရေးဂေဟာ မီးလောင်၊ ၁၇ ဦးသေဆုံး

ဓာတ်ပုံ - Wiang Pa Pao police Facebook
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်ထဲက မိန်းကလေးပြုစုစောင့်ရှောက်ရေးဂေဟာ တခုမှာ မေလ ၂၂ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ကျောင်းသူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ မီးဟာ ဒေသစံတော်ချိန် ညပိုင်း ၁၁ နာရီလောက်မှာ လောင်ခဲ့တာပါ။ "ကျောင်းသူ ၁၇ ဦး သေဆုံးသွားပြီး ၂ ဦးက ပျောက်နေတုန်းပဲ။ ၅ ဦးက ဒဏ်ရာတွေ ရခဲ့တယ်” လို့ ချင်းရိုင်ခရိုင်၊ ဗင်ပါတအိုဒေသ ရဲမှူးကြီး ပရာရတ်ဆင်းဆင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၂ ဦးကတော့ အရေးပေါ်အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီကျောင်းမှာ အသက် ၃ နှစ်ကနေ ၁၃ နှစ်အရွယ်ရှိတဲ့ မိန်းကလေးတွေကို ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတာဖြစ်ပြီး ဒေသတွင်း ပရဟိတဖောင်ဒေးရှင်းတခုက ဦးဆောင်နေတာပါ။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး အဆိုပါကျောင်းမှာ ဒေသတွင်း ဝေးလံသီခေါင်တဲ့ တောင်တန်းဒေသက ကျောင်းသူတွေကို လက်ခံထားရှိတာ ဖြစ်ပါတယ်။ ရဲမှူးကြီးပရာရတ်က “မီးကတော့ ငြှိမ်းနိုင်ခဲ့ပါပြီ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေတုန်းပဲ” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up