Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကန်နိုင်ငံခြားရေးဝန်ကြီးတို့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
DVB
·
May 23, 2016
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီတို့ တွေ့ဆုံစဉ်မှာ ငြိမ်းချမ်းရေးကိစ္စနဲ့  ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာ တပ်မတော်က ပါဝင်ဆောင်ရွက်နေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်မယ့် အခြေအနေ၊ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရဆက်ဆံရေး အခြေအနေ၊  အမေရိကန်-မြန်မာ ဆက်ဆံရေး၊ နှစ်နိုင်ငံ တပ်မတော်များ စစ်ဘက်ဆက်ဆံရေး အခြေအနေ၊ အာဆီယံနိုင်ငံများနှင့်ဆက်ဆံရေး အခြေအနေတွေကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြပါတယ်။ ဂျွန်ကယ်ရီဟာ နေပြည်တော်ကို နေ့ချင်းပြန် ခရီးစဉ်အဖြစ် သွားရောက်တာ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မတွေ့ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်စေဖို့နဲ့ အစိုးရသစ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အကူအညီပေးသွားမယ့် အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်က မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြုပြင်မွမ်းမံလိုက်တာဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲ အခြေခိုင်မာစေဖို့၊ အားလုံးအကျိုးခံစားရမယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်အောင် လမ်းဖွင့်ပေးတဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရက နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့ အစိုးရပိုင်လုပ်ငန်းတွေ ကတော့ မြန်မာ့ သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ မြန်မာ့ ပုလဲလုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ် (၁-၂-၃) သတ္တုထုတ်လုပ်ရေး၊ သမ၀ါယမ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေ ဖြစ်ပါတယ်။ အစိုးရပိုင်ဘဏ်တွေကတော့ မြန်မာ စီးပွားရေးဘဏ်၊ မြန်မာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဘဏ်၊ မြန်မာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဘဏ်တို့ ဖြစ်ပါတယ်။ မြန်မာရဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော်ကတော့ တားမြစ်ထားတဲ့ စာရင်းမှာ ရှိနေဆဲ ဖြစ်ပြီး အမေရိကန် ကုမ္ပဏီတွေကတော့ သူတို့နဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ရှိဦးမှာ မဟုတ်ပါဘူး။ လောစစ်ဟန်ရဲ့သား စတီဗင်လောရဲ့ အေးရှားဝေါလ်ကုမ္ပဏီတွေကို တားမြစ်ထားဆဲ ဖြစ်ပါ တယ်။ အေးရှားဝေါလ်က ၅၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆ ခုကိုလည်း ပိတ်ပင်ထား ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းဆိုရင် အမေရိကန် အစိုးရအနေနဲ့ ကျန်နေတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို နောက်ထပ်ဖြေလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း ဂျွန်ကယ်ရီက နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့အခါလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ဖို့အတွက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ တပ်မတော်ကပါဝင်ဖို့ ပြဌာန်းထား ပါတယ်။ လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ထိန်းချုပ်ထားပြီး ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့ကို တပ်မတော်အကြီးအကဲက ချုပ်ကိုင်ထားပါတယ်။ ဒါပေမ့ယ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ဟာ နိုင်ငံတော်သမ္မတရဲ့ လက်အောက်မှာပဲရှိတယ်လို့ သူခံယူထားသလို၊ တိုင်းပြည် ငြိမ်းချမ်းရေး ရရင် တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ ဆက်ပါတော့မှာမဟုတ်ဘူးလို့ မကြာခင်က ပြည်တွင်း မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ  ထပ်ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024