Home
မြန်မာသတင်း
ရန်ကုန်ရေလျှံမှု အစိုးရရော ပြည်သူတွင်ပါ တာဝန်ရှိ
ပိုင်စိုး
·
May 23, 2016
မိုးရွာရင် ရေလျှံတာတွေ မဖြစ်ဖို့အတွက် အစိုးရဘက်က တာဝန်ယူ ဖြေရှင်းဖို့လိုသလို ပြည်သူတွေလည်း တာဝန်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။ ရန်ကုန်မှာ မိုးစတင်ရွာသွန်းတာနဲ့ မြို့နယ်တချို့က လမ်းတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်နေတာပါ။ “ရေကြီးရေလျှံတဲ့ အကြောင်းတွေကတော့ တခုတည်းတော့ မဟုတ်ဘူးပေါ့။ ရေမြောင်းစနစ်တွေကိုလည်း ပြောရလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စည်ပင်သာယာ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး သေသေချာချာ မလုပ်ဆောင်ခဲ့တာ ပါလိမ့်မယ်လို့လည်း ကျမထင်တယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။ လက်ရှိအစိုးရရဲ့ စည်ပင်သာယာရေး ကော်မတီမှာလည်း တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။ ဒေါ်ဖြူဖြူသင်းက “ပြည်သူတွေကလည်း မြင်တဲ့နေရာမှာ အမှိုက်တွေပစ်တယ်။ လမ်းပေါ်မှာ ပစ်တယ်။ နောက်ဖေးလမ်းကြားမှာ ပစ်တယ်။ ဒါတွေကြောင့် မြောင်းတွေ ပိတ်ဆို့တာလည်းပါတယ်” လို့  ဆက်ပြောပါတယ်။ စည်ပင်သာယာအနေနဲ့ မြောင်းတွေ လိုက်ဖော်နေပေမယ့် အချိန်မီမလုပ်ဘူးလို့ ဝေဖန်တာတွေလည်း ရှိပါတယ်။ “မိုးရွာမှ မြောင်းဖော်တာတို့၊ လမ်းခင်းတာတို့ မလုပ်စေချင်ဘူး။ ဒီနှစ်ဆိုရင် ပိုကြီးလာတယ်။ မိုးစ ရွာရွာချင်းပဲ ကျနော့်အိမ်အတက်ကို ဒူးလောက် ရေကိုဖြတ်ပြီး တက်ခဲ့ရတယ်” လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်သိန်းက ပြောပါတယ်။ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်ပစ်တာကလည်း ပြဿနာတခုဖြစ်တယ်လို့ သူက ဆိုပါတယ်။ ရပ်ကွက်မြောင်းတွေ၊ နောက်ဖေးလမ်းကြားထဲက အမှိုက်တွေကို ကိုယ့်အားကိုယ်ကိုး ရှင်းလင်းမယ်ဆိုရင်လည်း စည်ပင်ကို အမှိုက်ပစ်မယ့်နေရာအတွက် အခွန်ပေးရတယ်လို့ သူက ဆက်ပြောပါတယ်။ ရန်ကုန်မှာ ရေမလျှံဖို့အတွက် ပြီးခဲ့တဲ့ အစိုးရလက်ထက်က ငွေကျပ်သန်းပေါင်း နှစ်သောင်းကျော်သုံးပြီး နိုင်ငံတော်အဆင့် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024