နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် ၁၂ ဆင့်မြောက် ကမ္ဘာတပတ်ခရီးစဉ် စတင်

1.3K
အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ရဲ့ ၁၂ ဆင့်မြောက် ကမ္ဘာတပတ်ခရီးစဉ်အဖြစ် မေ ၂၁ ရက်နေ့မနက်ပိုင်းက အိုကလာဟိုးမားပြည်နယ် ကနေ အိုဟိုင်းအိုးပြည်နယ်ကို ထွက်ခွာသွားပါတယ်။
ကီလိုမီတာ ၁၁၀၀၊ ၁၈ နာရီကြာ ခရီး စဉ်ဖြစ်တဲ့အတွက် Solar Impulse နေရောင်ခြည်စွမ်းအင် လေယာဉ်အတွက် အတော်လေးတိုတဲ့ခရီးစဉ်လို့ ဆိုပါတယ်။
နယူးယောက်မြို့ကို လာမယ့် ၂ ပတ်အတွင်း အရောက်ပျံသန်းမှာ ဖြစ်ပြီး အဲ့ဒီကနေ အတော်ကိုဝေးကွာတဲ့ အတ္တလန်တိတ် သမုဒ္ဒရာဖြတ်ခရီးစဉ်အတွက် ပြင်ဆင်ရမှာပါ။
အဲ့ဒီ သမုဒ္ဒရာဖြတ်ခရီးစဉ်ပြီးရင်တော့ ပြီးခဲ့တဲ့နှစ် မတ်လက ခရီးစတင်ခဲ့တဲ့ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ကို ဆိုက်ရောက်ရင်တော့ ကမ္ဘာတပတ်ပြည့်မြောက်မှာ ဖြစ်ပါ တယ်။
ခရီးစဉ်အားလုံး ပြီးမြောက်အောင်မြင်သွားရင်တော့ လေကြောင်းပျံသန်းမှု သမိုင်း မှတ်တိုင်သစ်လည်း ဖြစ်လာမှာဖြစ်သလို သန့်ရှင်းစွမ်းအင်၊ သန့်ရှင်းနည်းပညာ စွမ်းဆောင်ရည်ကိုလည်း သမိုင်းတင်ပြီးဖြစ်လာမှာပါ။
လေယာဉ်အတောင်ပံမှာ တပ်ဆင်ထားတဲ့ ဆိုလာပြား ၁၇၀၀၀ ကနေ နေရောင်ခြည်စွမ်းအင်ကို ရယူပြီး နေ့ဘက်ပျံသန်းမှု အတွက်လည်း စွမ်းအင်ရယူသလို၊ ညဘက်ပျံသန်းမှုအတွက်လည်း ဘက်ထရီထဲမှာ စွမ်းအင်ကို သိုလှောင်နိုင်တာပါ။
ဘိုးရင်း ၇၄၇ ဂျမ်ဘိုဂျက်လေယာဉ်ထက် အတောင်ပံ ကျယ်ပြန့်ပေမယ့် လေယာဉ်အလေးချိန်က ၂ တန်ကျော်ကျော်သာရှိတဲ့အတွက် အရှိန်နှုန်း နှေးနှေးနဲ့ ပျံသန်းရင် နေ့ညအတော်ကြာကြာ မရပ်မနားပျံသန်းနိုင်ပါတယ်။