Home
မြန်မာသတင်း
ပြည်နယ်အလိုက် အခြေခံဥပေဒရေးဆွဲမှ ဖက်ဒရယ်လမ်းကြောင်းပေါ် ရောက်မည်
ဇေယျာချမ်းအေး
·
May 22, 2016
ပြည်နယ်အလိုက် ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကို ဦးတည်မှ အန်အယ်လ်ဒီ အစိုးရဟာ ဖက်ဒရယ်လမ်းကြောင်းပေါ်ကို ရောက်နိုင်မယ်လို့ တိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းရင်းသားဒေသတွေအပေါ် အလွန်အကျွံ သြဇာလွှမ်းမိုးနေတာကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက လျှော့ချချင်နေတဲ့ အပြင် တပ်မတော်ရဲ့ သြဇာလွှမ်းမိုးမှုကိုလည်း သူတို့က ထိန်းညှိချင်နေတာဖြစ်ပါ တယ်။ ပြည်နယ်အလိုက် ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲမှသာ ဖက်ဒရယ်လမ်း ကြောင်းပေါ်ကို ရောက်နိုင်မယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် တချို့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ပြည်နယ်တခုချင်းစီရဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း လိုအပ်တယ်။ ဖက်ဒရယ်ပုံစံ အစစ်အမှန် လိုချင်တယ်ဆိုရင် ပြည်နယ်တွေရဲ့ အရေးပါမှုနဲ့၊ ပြည်နယ် တွေရဲ့ ပြည်ထောင်စုတွင်းမှာရှိရမယ့် ပြည်နယ်တွေရဲ့ အာဏာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေရယ် ရေးဆွဲပြီးတော့ ပူးပေါင်းဆောင်ရွက်မှသာလျှင် စစ် မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မယ်ဆိုတာအခြေခံပြီး ကျနော်တို့ ဆရာတွေက ဆွေးနွေးသွားတာ ဖြစ်ပါတယ်” လို့ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ မေ ၂၁ ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှာပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဆွေးနွေးပွဲကို ဦးသိန်းစိန်အစိုးရလက်ထက်က အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့က ဦးဆောင် နေတာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကိုယ်ပိုင်ဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေး အပါအဝင်  မူကြမ်း ၆ ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။ “ကျနော်တို့က ဖက်ဒရယ်စနစ် သွားမယ်ဆိုရင် ဖက်ဒရယ်စနစ်ရဲ့ အဓိကအင်္ဂါ ရပ်တခုက စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်လို့ ကျနော်တို့ပြောလိုက်ရင် စစ်မှန်တယ်ဆိုတဲ့ဟာက အဲ့ဒီပြည်နယ်မှာ အဲ့ဒီပြည်ထောင်စုရဲ့ အဖွဲ့တွေ ပြည်နယ်တွေမှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရှိတဲ့ ပြည်ထောင်စုရုံးကို ကျနော်တို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်လို့ ခေါ်ပါတယ်။ ဥပမာ အမေရိကန်ကြည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရှိတယ်။ ဂျာမနီကြည့် ရှိတယ်။ ဆွတ်ဇလန်ကြည့် ရှိတယ်။ သြစတြေးလျ ကြည့်ရှိတယ်။ ဆိုတော့ အဲ့လို ဖက်ဒရယ်စနစ် တကယ်အောင်မြင်တဲ့ တိုင်းပြည်အားလုံး ကြည့်မယ်ဆိုရင် အဲ့ဒီပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို မကျော်ပဲနဲ့၊ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဘောင်အတွင်း မှာ လွတ်လပ်စွာ ရေးသားပြဋ္ဌာန်းမှုရှိတယ်”လို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ မူကြမ်းရေးဆွဲရေးအဖွဲ့တာဝန်ခံ ဒေါက်တာဆလိုင်း လျန်မုန်းဆာခေါင်းက ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရက ဦးတည်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံဆိုတာဟာလည်း နိုင်ငံရေးစကားဝိုင်းကို ဦးတည်နေတာဖြစ်ပြီး တကယ်လက်ရှိ ဦးတည်ဖို့လိုအပ်တာက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ငန်းမှာ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်ရေး သာဖြစ်တယ်လို့ လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။ သတင်း - ဇေယျာချမ်းအေး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024