ပျက်ကျ အီဂျစ်လေယာဉ်အပိုင်းအစများ ရုပ်သံ ထုတ်ပြန်

799
မြေထဲပင်လယ်တွင်း ပျက်ကျသွားတဲ့ အီဂျစ်လေကြောင်းလိုင်းလေယာဉ်ကနေ ဆယ်ယူ ရရှိသမျှ အပိုင်းအပျက်တွေရဲ့ ဓာတ်ပုံတွေကို အီဂျစ်စစ်တပ်က မေ ၂၁ ရက်နေ့က ထုတ်ပြန်ပြသခဲ့ပါတယ်။
အီဂျစ်လေကြောင်းလိုင်း အမှတ်တံဆိပ်ပါ အပိုင်းအစတွေ၊ အသက်ကယ်အင်္ကျီတွေ၊ လေယာဉ်ထိုင်ခုံအပိုင်းအပျက်တွေ၊ ခရီးဆောင်အိတ်ခွံတွေ ပါဝင်ပါတယ်။
ခရီးသည်အနည်း ဆုံး ၁၅၀ လိုက်ပါနိုင်တဲ့ လေယာဉ်မှာ လေယာဉ်အမှုထမ်းနဲ့ ခရီးသည်စုစုပေါင်း ၆၆ ဦး လိုက်ပါလာခဲ့ကြတာပါ။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ကျန်ရစ်သူမိသားစုတွေနဲ့ မေ ၂၁ ရက်နေ့က တွေ့ဆုံရာမှာတော့ လေယာဉ်ပျက်ကျရတဲ့ ဖြစ်နိုင်ချေ အကြောင်းရင်းအားလုံးကို သုံးသပ်နေပြီး ဆုံးဖြတ်ချက်တော့ မချနိုင်သေးဘူးလို့ ပြောဆိုပါတယ်။
လေယာဉ်အပိုင်း အပျက်တွေကို တွေ့ရှိဆယ်ယူရရှိခဲ့ပေမယ့် လေယာဉ်ကိုယ်ထည်ကြီးနဲ့ လေယာဉ်မှတ်တမ်း သေတ္တာ ၂ ခုလုံးကိုလည်း မတွေ့ရှိသေးပါဘူး။
လေယာဉ်နဲ့ အဆက်အသွယ်မပြတ်ခင် လေယာဉ်သန့်စင်ခန်းထဲမှာ မီးခိုးနံ့ရရှိခဲ့တယ်လို့ ခရီးသည်တင်လေယာဉ် မတော်တဆမှုတွေနဲ့ သတင်းတွေကိုဖော်ပြနေတဲ့ “သည် အေဗီရေးရှင်း ဟာရလ်” The Aviation Herald သတင်းဌာနက ဆိုပါတယ်။