Home
မြန်မာသတင်း
တိုက်ပွဲများအတွင်း တပ်ရင်းမှူးနှင့် အရာရှိစစ်သည်အချို့ သေဆုံးဟု မြန်မာစစ်တပ်ထုတ်ပြန်
DVB
·
May 22, 2016
မြန်မာစစ်တပ်နဲ့ SSA (၀မ်ဟိုင်း) တို့ မေလအတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က တပ်ရင်းမှူးတဦးအပါအ၀င် အရာရှိစစ်သည်တချို့ သေဆုံးခဲ့တယ်လို့ စစ်တပ်ပိုင်မြသတီသတင်းဌာနက သတင်းထုတ်ပါတယ်။ မေ ၂၁ ရက်က ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ကုန်းညုကျေးရွာ၊ တွန်ဆောက်ကျေးရွာ၊ ကျောက်မဲမြို့နယ် နောင်ကွမ်ကျေးရွာ၊ တိန်းလုံကျေးရွာများနှင့် လားရှိုးမြို့နယ်၊ နမ္မဘောဒဒေသတွေကို အခုလအတွင်း SSA (ဝမ်ဟိုင်း) အဖွဲ့မှ သတ်မှတ်နယ်မြေကျော်လွန် ၀င်ရောက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မေ ၅ ရက်မှ ၂၀ ရက်အတွင်း ပုံဝိုး- တောင်ခြေနယ်မြေနဲ့ နမ်ပေါင်-နမ္မဘောဒနယ်မြေများမှာ စုစုပေါင်းထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၇ လောင်း၊ လက်နက်ငယ် ၉ လက်၊ ကျည်မျိုးစုံ ၁၁၂ တောင့်၊ ကျည်အိမ်မျိုးစုံ ၄၇ ခု၊ ယမ်းပျော့များ၊ ဒေသန္တရလုပ်မိုင်း ၄ လုံး၊ ဆက်သွယ်ရေး စက် ၈ လုံးနဲ့ အသုံးအဆောင်ပစ္စည်းများ၊ တရားမဝင်သစ်မျိုးစုံ ၁၀၅ တန်နှင့် သစ်တင်ယာဉ် ၅ စီးတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် တပ်မတော်ဘက်က တပ်ရင်းမှူးတဦး အပါအဝင် အရာရှိ၊ စစ်သည်တချို့ အသက်စွန့်ခဲ့ရကာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး လက်နက် ၁၈ လက်နှင့် ခဲယမ်းတချို့လည်း ဆုံးရှုံးခဲ့တယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။ SSA (ဝမ်ဟိုင်း) အဖွဲ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေတွင် ပါဝင်ဆွေးနွေးပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်လက်မှတ်ရေးထိုး ထားခြင်း မရှိတဲ့အဖွဲ့ဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024