မြေပုံနှင့် ကျောက်ဖြူ လက်ရှိအခြေအနေ မေးမြန်းချက် (မြန်မာစံတော်ချိန် ၁၂ နာရီ)
DVB
·
May 21, 2016
ရွန်နူဆိုင်ကလုန်းမုန်တိုင်းကို အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်ပြီးဖြစ်ကြောင်း၊ မကြာမီအချိန်အတွင်း ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက်တော့မယ်လို့ မိုးဇလက ဒီဗွီဘီကို ပြောပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တဦးဖြစ်တဲ့ ဦးမောင်ကျော်ငြိမ်းက “မိုးက အဆက်မပြတ်ရွာတယ်၊ လေလည်းတိုက်တယ်၊ ခန့်မှန်းခြေပြောရရင် မိုင်း ၄၀ နှုန်းလောက် ရှိမယ်။ မနေ့ကတည်းက ဒီနေ့ ပိုပြင်းလာတယ်။ မိုးရောလေရော ပြိုင်တူပဲ၊ လူတွေတော့ အပြင်မှာ မရှိကြတော့ဘူး၊ အခြေအနေက အခု လတ်တလောမှာ ပိုဆိုးလာတယ်။”
ကျောက်ဖြူမြို့ရဲ့ လက်ရှိအခြေနေတွေနဲ့ ပတ်သက်ပြီး မော်တော်ပိုင်ရှင်တဦးဖြစ်တဲ့ ဦးခင်မောင်ဌေးက “လေကတော့ ၅ မိနစ်လောက် တိုက်လိုက်၊ ၁ နာရီလောက်ခြားသွားပြီး လေကျပါတယ်ခင်ဗျ။ မိုးကတော့ အခု နားနေပါတယ်ခင်ဗျ။ မနေ့ကထတည်းက တိုက်နေတာပါ။ လေတိုက်နှုန်း နည်းပါတယ်၊ ၂၅-၃၀ လောက်ပဲ ရှိပါတယ်၊ စစ်တွေဘက်ခြမ်း မြောက်ဘက်ပိုင်းတော့ လေတအားတိုက်ပြီးတော့၊ မိုးလည်း ကြမ်းတယ်လို့ ကြားပါတယ်။ ကျောက်ဖြူက ရခိုင် တောင်ဘက်ခြမ်းပါနေတာဆိုတော့ နည်းနည်း အေးပါတယ်၊ ပင်လယ်ရေကတော့ အစတုန်းက ၈ ပေက ၁၀ ပေ၊ အခုတော့ ၁၀ ပေကနေ ၁၂ ပေလောက်ထိတက်မယ်လို့ ခန့်မှန်းတယ်၊ မတက်သေးပါဘူး၊ခန့်မှန်းတာပါ။ သင်္ဘောတွေက စုနေပြီ ၀င်နေကြပြီ၊ တနေ့ကတည်းကပါ။”