ကောက်ရသေနတ် ဆော့ကစားရာမှ ကလေးငယ်တဦး ဒဏ်ရာရ








2.5K
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ် ၉ ရပ်ကွက်မှာ မေလ ၂၀ ရက်နေ့က ကောက်ရတဲ့ သေနတ်ကို ဆော့ကစားရာမှ ကလေးငယ်တဦး ဒဏ်ရာရသွားပါတယ်။
ကောက်ရတဲ့ သေနတ်ကို ကလေးငယ်တွေ ဆော့ကစားကြရာက သေနတ်မှာ ပါရှိလာတဲ့ ယမ်း ပေါက်ကွဲပြီး အသက် ၄ နှစ်အရွယ် မောင်စည်သူမောင်ကို ထိမှန်ခဲ့တာလို့ ဒီဗွီဘီနယ်ခံသတင်းထောက်က ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ မောင်စည်သူမောင်အား ကသာဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ်
ပို့ဆောင်ကုသခဲ့ပြီး မန္တလေး ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ခံယူနိုင်ဖို့ သွားရောက်ရမယ်လို့ ဆိုပါတယ်။
သေနတ်ဟာ ၁၄ လက္မလောက် အရွယ်ရှိ လုပ်သေနတ်ဖြစ်ပြီး မောင်းကွင်းမှာ သားရေပင်နဲ့ ဆွဲထားကာ ယမ်းထောင်း ပစ်ရတဲ့ သေနတ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ဖို့ ကသာမြို့မရဲစခန်းက ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - သီဟဆွေ ကသာ